တာချီလိတ်မြို့ ငွေတောင်ဦး၏ ၃၉ ကြိမ်မြောက် စုပေါင်းကဆုန်ညောင်ရေသွန်းပွဲ

တာချီလိတ်မြို့ ငွေတောင်ဦး၏ ၃၉ ကြိမ်မြောက် စုပေါင်းကဆုန်ညောင်ရေသွန်းပွဲ
မေ 13, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ကမ္မဋ္ဌာန်းကျောင်းတိုက်မှ နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း စုပေါင်း ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲကို ငွေတောင်ဦး ခြေတော်ရာပါဒ စေတီတော်ရင်ပြင်တွင် ကျင်းပလာခဲ့သည်မှာ ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၃)ရက်နေ့ဆိုလျှင် (၃၉)ကြိမ်မြောက်ပြီဖြစ်ပါသည်။

ငွေတောင်ဦးခြေတော်ရာပါဒစေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်သော (၃၉)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲသို့ လာရောက်၍ ညောင်ရေသွန်းလောင်လှူကြသူများအား ကုသိုလ်ယူသည့်အနေဖြင့် တာချီလိတ်မြို့နယ်ရှိ စေတနာရှင်များမှ အမောပြေစေရန်အတွက် ရေသန့်ဗူးများ၊ အအေးမျိုးစုံ နှင့် ရေခဲချောင်းများ အပြင် စားစရာများ စသည်တို့ကို အုပ်စုဖွဲ့၍ လာရောက် ဒါနပြုကြရာ အုပ်စုပေါင်း (၃၀)ခန့် ရှိတာကို တွေ့ရှိရသည်။

ညောင်ရေသွန်းလောင်းလှူကြပြီးနောက် မွန်းလွှဲ(၂)နာရီ အချိန်ခန့်တွင် သံဃာတော်အရှင်သူမြတ် (၁၀ဂ)ပါး နှင့် သီလရှင် အပါး(၆၀) စုစုပေါင်း (၁၆၈)ပါးတို့အား အလှူရှင်များမှ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူကာ ကုသိုလ်ယူခဲ့ကြသည်။

ယနေ့ပြုလုပ်သော (၃၉)ကြိမ်မြောက် စုပေါင်းကဆုန်ညောင်ရေသွန်းလောင်းပွဲတွင် ယခင်နှစ်ထက် လာရောက်ကုသိုလ်ယူသူ များပြားပြီး တောင်ပေါ်အတက် လမ်းများတွင် ကားများ၊ ဆိုင်ကယ်များ နှင့် ခြေလျင်လျှောက်သူများဖြင့် ပြည့်နှက်နေတာကိုလည်း တွေ့ရှိခဲ့ရသည်။

ယင်းကဲ့သို့ လမ်းပေါ်တွင် လူသွားလူလာပြည့်နှက်နေချိန်တွင် ပုန်းထွန်ရပ်ကွက်မှ အသက်(၇)ရှိ ကျောင်းသားတစ်ဦးသည် ၎င်း၏ မိခင်နှင့်လူစုကွဲသွားသည့်အတွက် အိမ်မပြန်တတ်၍ တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ဦးရဲနန္ဒာလင်း နှင့် အဖွဲ့မှ ကူညီပြီး နေအိမ်ရှာဖွေ၍ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

ယခင်နှစ်ထက် စည်ကားသိုက်မြိုက်မှုနှင့်ပတ်သက်၍ " ဒီနှစ်က အရင်နှစ်ထက် လူများသလိုပဲ၊ အောက်ကလာတဲ့ ဆိုင်ကယ်တွေလည်း ကားတွေ ဆိုင်ကယ်တွေခံနေလို့ အပေါ်ထိ တက်လို့မရဘူး၊ ကျွန်တော့် ဆိုင်ကယ်လည်း အောက်မှာပဲ ရပ်ခဲ့ပြီး ဒီကုန်းပေါ်ကို ခြေလျင်တက်လာခဲ့ရတယ်"ဟု ဘုရာလာဖူးသူ တစ်ဦးမှ တချီလိတ်အွန်လိုင်းသို့ ပြောသည်။

တာချီလိတ်မြို့တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းလှူပွဲများကို ဗောဓိညောင်ပင်ရှိသည့် ဘုန်းကြီးကျောင်းများ၌ ကျင်းပပြုလုပ်ကြတာကို တွေ့ရှိရပြီး တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တွင်လည်း နံနက်ပိုင်းက ကျင်းပပြုလုပ်သွားကြောင်း သိရှိရသည်။

သတင်း ။        ။ ကိုဇောင်း
ဓါတ်ပုံ။   ။ လင်းလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~ ကြော်ငြာ ~~~~~~