တာချီလိတ်မြို့မှ ကျိုင်းတုံသို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် အေးခဲသားများကို ကျိုင်းတုံမြို့ရှိ နောင်နွန်းစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ(၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။
တရားဝင်လိုင်စင်မရှိသည့် အေးခဲအသားများဖြစ်သည့် ကြက်တောင်ပံကြီး၊ ကြက်တောင်ပံလတ်၊ ကြက်တောင်ပံသေး၊ ကြက်ရင်အုတ်၊ ကြက်ပေါင်နှင့် ကြက်မြစ်များကို တာချီလိတ်မြို့မှ ၀ယ်ယူလာခဲ့ပြီး ကျိုင်းတုံမြို့ တွင် ပြန်လည်ရောင်းချရန် HONDA FITအမျိုးအစား အိမ်သုံးကားတစ်စီးဖြင့် သယ်ဆောင်လာစဉ် သတင်းပေး တိုင်တန်းချက်အရ နောင်နွန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
"တရားဝင် လိုင်စင်မရှိတဲ့ အေးခဲအသားတွေကို တာချီလိတ်ကနေ ကျိုင်းတုံကို ကားတစ်စီးက သယ်လာမယ်ဆိုပြီးတော့ ကျွန်တော်တို့ ဆီကို သတင်းပေး တိုင်တန်းတဲ့ သူရှိတဲ့အတွက် ကျွန်တော်တို့  နောင်နွန်းဂိတ်မှာ သွားစောင့်ပြီး ဖမ်းလိုက်တာပါ။"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်း ရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖမ်းဆီးရမိသော အေးခဲသား များ၏ အလေးချိန်မှာ စုစုပေါင်း ကီလို (၅၀၀)ခန့်ရှိကြောင်း သိရသည်။
"ဒီနေ့  ဖမ်းဆီးရမိတဲ့ အေးခဲအသားတွေကို ခရိုင်စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ မနက်ဖြန် (ဇူလိုင်၅) မနက်(၁၁)နာရီခွဲမှာ မီးရထားဘူတာရုံဟောင်းမှာ မီးရှို့ ဖျက်ဆီးသွားမှာဖြစ်ပြီးတော့ ကားနဲ့ သယ်ဆောင်လာသူကို ခံဝန်ထိုးခိုင်းမှာ ဖြစ်ပါတယ်။"ဟု ၎င်းက ဆက်ပြောသည်။
ကျိုင်းတုံမြို့တွင် ဖမ်းဆီးရရှိသော တရားဝင် လိုင်စင်မရှိသည့် အေးခဲအသားများကို ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် မီးရှို့ဖျက်ဆီးခဲ့သည်မှာ ဇွန်လအတွင်းက (၃)ကြိမ်အထိရှိနေပြီ ဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က အေးခဲအသား (၉၂၀)ကီလိုကို နောက်ဆုံးအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်