(တင်ရန်) တာချီလိတ်မှ တရားမဝင်ကုန်စည်စီးဆင်းမှုများကြောင့် တရားဝင်တင်သွင်းသည့်ကုန်သည်များ နစ်နာ

(တင်ရန်) တာချီလိတ်မှ တရားမဝင်ကုန်စည်စီးဆင်းမှုများကြောင့် တရားဝင်တင်သွင်းသည့်ကုန်သည်များ နစ်နာ
ဇူလိုင် 31, 2016
By Tachileik News Agency

စောလှမင်း - Tachileik News Agency
တာချီလိတ်၊ ဇူလိုင်လ (၂၇) ရက်
ထိုင်း - မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်တွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော ကုန်စည်များ အား ဌာနဆိုင်ရာအနေဖြင့် ကြပ်မတ်ဆောင်ရွက်နိုင်မှု အားနည်းသဖြင့် တရားမ၀င် ကုန်စည်စီးဆင်းမှုများ ရှိနေသဖြင့် တရားဝင်တင်သွင်းနေသည့် ကုန်သည်များနစ်နာနေသည်ဟု ဒေသခံလုပ်ငန်းရှင်များက ဆိုပါတယ်။
"ကျွန်တော်တို့လို အခွန်စည်းကြပ်ပြီး တရားဝင်ကုန်သွယ်နေတဲ့ ကုန်သည်တွေအတွက် ဒါမျိုး တရားမ၀င် ကုန်စည်တွေ စီးဆင်းနေတဲ့အတွက် အများကြီးထိခိုက်မှုရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အခွန်ဆောင်ထားတော့ ဈေးနှုန်းက လျှော့ပေးလို့မရဘူး။ တရားမ၀င်ကုန်သယ်တဲ့သူတွေက ကျွန်တော်တို့ ကုန်စည်တွေထက် ပိုပြီး ဈေးနှုန်းလျှော့ရောင်းလို့ရတယ် ။ သူတို့နဲ့ ယှဉ်ပြီးရောင်းချဖို့ဆိုရင် မဖြစ်နိုင်ဘူးလေ”လို့ ကုန်သည်တစ်ဦးဖြစ်သူ ဦးထွန်းလူက ပြောပါတယ်။
ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ရှမ်းပြည်နယ်အစိုးရသို့ အခွန်(၃)ရာခိုင်နှုန်းပေးဆောင်၍ ဒေသတွင်းအသုံးပြုရန် တစ်ပိုင်တစ်နိုင် ကုန်စည်များတင်သွင်းခွင့်ပြုထားခြင်းဖြစ်သော်လည်း အခြားဒေသများသို့ တင်ပို့ရန်အတွက်ပါ လုပ်ဆောင်နေသဖြင့် တရားမ၀င်ကုန်သွယ်မှုအများဆုံး ဖြစ်နေတာလို့ သိရပါတယ်။
"အရင်က Mobile Team ရှိတုန်းက လိုက်ပြီး စစ်ဆေးဖမ်းဆီးမှုတွေရှိတုန်းက တရားမ၀င်ကုန်စည်စီးဆင်းမှုက အများကြီးမရှိဘူး။ အခု ကုန်သွယ်ရေးဦးစီးဌာနဆိုတာကလည်း သက်ဆိုင်ရာရုံးစိုက်တဲ့နေရာကနေ စစ်ဆေးတာပဲ လုပ်ခွင့်ရှိတယ်။ ဒါကြောင့်ဖြစ်ဖို့များပါတယ်။ ကုန်သည်တွေအနေနဲ့ အခွန်ပေးပြီး တရားဝင်ကုန်သွယ်မှုတွေပြုသင့်တယ်။ အခွန်ငွေလည်း အဲဒီလောက်များတာမဟုတ်ပါဘူး"လို့ တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်း ရုံးအဖွဲ့မှူး ဦးကျော်ဆွေက ပြောပါတယ်။
တရားမဝင်ကုန်စည်စီးဆင်းမှုအား လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ စစ်ဆေးမှုသာရှိတဲ့အတွက် တရားမဝင်ကုန်စည်တားဆီးရေးအတွက် လုံလောက်သည့် ဆောင်ရွက်မှုမလုပ်ဆောင်နိုင်ဘူးလို့ နယ်စပ် ကုန်သွယ်ရေးစခန်းမှ ညွန်ကြားရေးမှူးက ဆိုပါတယ်။
"ဟိုတလောက မယ်ခေါင်မြစ်ကနေ ကျိုင်းတုံကိုသယ်သွားမယ့် ဘီယာတွေ တာလေမြို့မှာ ဖမ်းမိပါတယ်။ တရားမ၀င်လမ်းကြောင်းကတော့ရှိနေတာပဲ။ ကျွန်တော်တို့အနေနဲ့ သတင်းရရင် သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ကို သတင်းပေးပို့ပေးပါတယ်။ ကျွန်တော်တို့ ရုံးစိုက်တဲ့ နေရာကနေ တရားမ၀င်ကုန်စည်တွေ ဖြတ်သန်းမှုမရှိအောင်တော့ ဆောင်ရွက်နေပါတယ်"လို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောပါတယ်။
ယခင် Mobile Team ဖြင့် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ခွင့်ရှိသော်လည်း ၂၀၁၅ ခုနှစ်အတွင်း ဖျက်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net