One Stop Service

One Stop Service
ဇန်နဝါရီ 28, 2015
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့တွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား One Stop Service စနစ်ဖြင့် ယာဉ်မှတ်ပုံတင်များပြုလုပ်ခဲ့ပြီး စီမံချက်ကာလကျော်လွန်သွားပြီးနောက် ဆက်လက်ရှိနေဆဲဖြစ်သော လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များအား ဒေသပေါက်ဈေး၏ ၅၀%ကို  ဒဏ်ငွေအဖြစ် သတ်မှတ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွင်းသာ မောင်းနှင်နိုင်မည့် မော်တော်ဆိုင်ကယ် မှတ်ပုံတင်ပေးမှုကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကန့်သတ်ရက်မရှိ ဆောင်ရွက်ပေးတော့မှာ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာမှ ယခင်ကလို သတ်မှတ်ရက်ဖြင့် ပြုလုပ်ပေးတာမဟုတ်ဘဲ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် ပတ်သက်၍ သော်လည်းကောင်း၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား စိစစ်တွေ့ရှိရသည့်အခါ သော်လည်းကောင်း ဒေသပေါက်ဈေး၏ ၅၀% သို့မဟုတ် ၅၀% အောက်မလျော့သော ဒဏ်ငွေကို သတ်မှတ်ကာ ကောက်ခံမည်ဖြစ်ရာ  ထိုသို့ ကောက်ခံခြင်းမှုကို ပေးသွင်းခြင်းပြုပါက ပို့ကုန်သွင်းကုန် ဥပဒေအရ သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုပြီး သက်သေခံပစ္စည်းအဖြစ် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လေလံတင်ရောင်းချမှာ ဖြစ်သည်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား စိစစ်တွေ့ရှိရပြီးနောက် ဒေသပေါက်ဈေး၏ ၅၀% သို့မဟုတ် ၅၀% အောက်မလျော့သော ဒဏ်ငွေကို သတ်မှတ်ကာ ကောက်ခံပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင်  နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီး စသည့် သက်ဆိုင်ရာအတွင်းသာ မောင်းနှင်နိုင်ရန်အတွက် ယာဉ်မှတ်ပုံတင်ရမှာ ဖြစ်ပြီး ယာဉ်မှတ်ပုံတင် အခွန်အခများ အနေဖြင့် အထူးစစ်ဆေးခ(၅၀၀၀)ကျပ်၊ ကနဦးမှတ်ပုံတင်ခ(၁၅၀၀၀)ကျပ်၊ ယာဉ်စစ်ဆေးခ(၅၀၀၀)ကျပ် နှင့် ကမ-၃+အ၀ိုင်း+ဟိုလိုဂရမ် အတွက် (၉၀၀)ကျပ် စုစုပေါင်း (၂၅၉၀၀)ကျပ်သာ ကျသင့်မှာ ဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး နှင့် ပြည်နယ် စသည့် နေရာအလိုက် (၁၅)နေရာတွင် မော်တော်ဆိုင်ကယ်နံပါတ်များကို ၁၀၀၁ မှစ၍ အသုံးပြုမှာဖြစ်ပြီး နံပါတ်၏ အထက်တွင် တိုင်း/ပြည်နယ် သင်္ကေတအဖြစ် အင်္ဂလိပ်ဘာသာအဖြစ် နေပြည်တော်ကို NPW လည်းကောင်း၊ ရှမ်းပြည်နယ်ကို SHN အဖြစ် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးကို YGN အဖြစ် လည်းကောင်း သတ်မှတ်တပ်ဆင်၍ မှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်သော်လည်း ယခင်က  One Stop Service စနစ်ဖြင့် ယာဉ်မှတ်ပုံတင်များပြုလုပ်ခဲ့သည့် မော်တော်ယာဉ်များလို မြန်မာပြည်တစ်ပြည်လုံးသို့ သွားရောက်ခွင့် မရှိဘဲ မိမိတို့ တိုင်းဒေသပြီး သို့မဟုတ် ပြည်နယ်အတွင်းသာ သွားလာခွင့်ရှိမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~