ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အခြေခံပညာကျောင်းများ၌ ကျောင်းပြန်တတ်သော စာရင်းတွင် ယခင်နှစ် ကျောင်းသားဟောင်း ဦးရေ စာရင်းအတိုင်း ပြည့်မှီရန် အနည်းငယ် လိုအပ်လျှက်ရှိပြီး ကျောင်းပြင်ပရောက် ပညာရေးအား ဖော်ဆောင်ရန် မြို့နယ်အလိုက် ကလေးလုပ်သားဦးရေ စစ်တမ်းများ ပြစုရန်လိုအပ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်က "ဒီနှစ်ကျောင်းပြန်တတ်တဲ့ ကလေးမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း တစ်ခုလုံး အနေနဲ့ (၉၆%)ဘဲရှိသေးတယ်၊ (၄%)ပျောက်နေတယ်၊ ဒီလို ကလေးတွေ ကျောင်းပြန်မတက်ဘဲ ပျောက်နေတာ ဘာကြောင့်လဲဆိုတာ အရေးကြီးတယ် ဘယ်ရောက်သွားတယ်ဆိုတာကို သိလည်းသိသင့်တယ်၊ ကလေးတွေရဲ့ မိဘတွေ စီးပွားရေး မကောင်းလို့ဆိုဒါမျိုး Drop Out ဖြစ်သွားတဲ့ ကလေးတွေ ကျောင်းပြန်တတ်နိုင်အောင် ကူညီသင့်တယ်၊ နောက်ဆုံးကလေးကို သူ့ဘဝအတွက် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခု တတ်အောင် သင်ပေးသင့်တယ်၊ ဒါမှနိုင်ငံတော်အတွက် အနာဂတ်ကောင်းတဲ့ လူငယ်မျိုးဆက်ကို မွေးထုတ်ပေးနိုင်မှာ.."ဟု ဇူလိုင်လ(၅)ရက်နေ့က တာချီလိတ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကျောင်းသားကျောင်းသူပေါင်း (၉)သန်းရှိသော်လည်း တက္ကသိုလ်ဝင်တန်း အဆင့်တွင် ကျောင်းသားဦးရေပေါင်း (၆)သိန်းသာ ရှိတော့ကြောင်း၊ နှစ်စဉ်ကျောင်းထွက်နှုန်းများ ရှိနေခြင်းကြောင့် ကျောင်းပြင်ပ ပညာရေးစနစ် ဖော်ဆောင်ပေးရန် လိုအပ်လျှက်ရှိကြောင်း သိရသည်။
ကျောင်းပြင်ပ ပညာရေးစနစ်အား ဖော်ဆောင်ရန် ဒေသအလိုက် ကလေးသူငယ်များ၏ အခြေခံ သတင်းအချက်အလက်နှင့် ကိန်းဂဏန်းများ ရရှိရန် စစ်တမ်းများ ကောက်ယူရန် လိုအပ်ကြောင်း၊ ရရှိလာသော အချက်အလက်များအရ သင့်တော်၍ အရည်အသွေးပြည့်မှီသော ကျောင်းပြင်ပ ပညာရေးအား ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍလေ့လာ သုံးသပ်ရေးလုပ်ငန်း လုပ်ကိုင်နေသော(CESR)မှသိရသည်။
မြန်မာနိုင်ငံတွင် (၂၀၁၆)ခုနှစ် မှ (၂၀၂၁)ခုနှစ်အထိ ကျင့်သုံးဖော်ဆောင်မည် အမျိုးသားပညာရေး မဟာဗျုဟာ စီမံကိန်းအရ နိုင်ငံသားတိုင်း မသင်မနေရ အခြေခံပညာကို ပြီးဆုံးအောင် သင်ကြားရမည်ဖြစ်ပြီး ကျောင်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေး အပြန်အလှန်ပေါင်းကူးနိုင်သည့် တန်းညှိပညာရေးစနစ် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။