နတ်မောက်မြို့နယ်အတွင်းရှိ ချောင်းရိုးပေါ် နွားလှည်းဖြင့် ဖြတ်ကူးသည့် မိသားစု(၄)ဦးအနက် (၃)ဦး မျောပါ သေဆုံး

နတ်မောက်မြို့နယ်အတွင်းရှိ ချောင်းရိုးပေါ် နွားလှည်းဖြင့် ဖြတ်ကူးသည့် မိသားစု(၄)ဦးအနက် (၃)ဦး မျောပါ သေဆုံး
အောက်တိုဘာ 13, 2017
By Tachileik News Agency

နတ်မောက်မြို့နယ် ညောင်ကျပ္ပင်ကျေးရွာ နှင့် (၁)မိုင်ခန့် အကွာရှိ တည်ပင်ချောင်းရိုးတွင် နွားလှည်းဖြင့် ဖြတ်ကူးသည့် မိသားစု(၄)ဦး ချောင်းရေတွင်းမျောပါသွားရာမှ သားအမိ(၃)ဦး သေဆုံးသွားမှု ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း နတ်မောက်မြို့မရဲစခန်းမှ သိရသည်။
တည်ပင်ချောင်းရိုးပေါ်တွင် မိသားစု(၄)ဦးအနက် ဖခင်ဖြစ်သူ ဦးသန်းလှိုင်မှာ နွားလှည်းနောက်မှ ခြေကျင်လိုက်ပါပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းဝေ နှင့် သားဖြစ်သူ မောင်သိန်းသန်းဝေ(၃)နှစ်၊ သမီးဖြစ်သူ မတင်တင်အေး(ခ)မနွေဦး(၁၀)နှစ်တို့က နွားလှည်းဖြင့် ဖြတ်ကူးကြစဉ် မိုးရွာသွန်းကာ ချောင်းရေများ တဟုန်ထိုးကျဆင်းလာသဖြင့် လှည်းပေါ်တွင် ပါရှိသည့် သားအမိ(၃)ဦးမှာ နွားလှည်းနှင့်အတူ ရေစီးတွင် မျောပါသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အမေဖြစ်သူ နဲ့ သမီးဖြစ်သူကို ဆယ်ယူနိုင်ခဲ့ပြီး သားဖြစ်သူကတော့ ရေစီးနဲ့အတူ မျောပါပျောက်ဆုံးခဲ့ပါတယ်၊ ဒီနေ့ အောက်တိုဘာလ(၁၃)ရက်နေ့ မနက်(၈)နာရီအချိန်လောက်မှ မျောပါတဲ့ နေရာနဲ့ (၂)ဖာလုံလောက် အကွာမှာ သေဆုံးလျက်နဲ့ တွေ့ရပါတယ်"ဟု ညောင်ကျပ္ပင်ကျေးရွာသားတစ်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
ဆယ်ယူရရှိထားသည့် မိခင်နှင့် သမီးဖြစ်သူမှာလည်း အခင်းဖြစ်ပွားသည့်နေ့၏ ည(၈)နာရီအချိန်ဝန်းကျင်တွင် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နတ်မောက်မြို့မရဲစခန်းတွင် ဥပဒေအရ သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၇ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်း - ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~