မန္တလေးမြို့၏ ဆိုင်ကယ်ဈေးကွက်မှာ ၀ါတွင်းကာလတွင်း အရောင်းအနည်းငယ်ပါးသော်လည်း ဈေးကောင်းနေကြောင်း မန္တလေးမြို့ရှိဆိုင်ကယ် အရောင်း၊အ၀ယ် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
“၀ါတွင်းဆိုတော့ အရောင်းအ၀ယ်တော့ ပုံမှန်ပါပဲ။ ကျွန်တော်ကလည်း အောက်ဘီးဆိုပေမဲ့ ယိုးဒယားဘီးလိုင်းကို ကိုင်တာ။ ယိုးဒယားဘီးက ပစ္စည်းကောင်းတော့ ဈေးကလည်းကောင်းတယ်။ လူကြိုက်အများဆုံးကျတော့ Scoopyi နဲ့ Click ဘီးတို့ အကြိုက်များတယ်။ တော်တော်များများက Click ထက် Scoopyi ဘီး ကိုပိုကြိုက်ကြတယ်။ သူက လူကြီး၊ လူငယ် ၊ယောက်ျား၊ မိန်းမ မရွေး စီးကြတယ်။ Clickထက်ဆိုင်ရင် Scoopyiက အကြမ်းခံတယ်လို့လည်း တချို့ပြောကြတယ်။ ဒါပေမဲ့ ဈေးကတော့ နှစ်မျိုးလုံးကောင်းတယ်။ ယိုးဒယားဘီးလည်းဖြစ် အကြမ်းလည်းခံ တယ်ဆိုတော့ ကြိုက်ကြတယ်။ ”ဟု မန္တလေးမြို့မှ ဆိုင်ကယ်အရောင်းလုပ်ငန်းလုပ်ကိုင်သူ ကိုဌေးဦးက ဆိုသည်။
လက်ရှိ Scoopyi ဆိုင်ကယ်ဈေးနှုန်းများမှာ ကျပ် (၁၃) သိန်းမှ (၁၅) သိန်းဝန်းကျင်ခန့်ရှိကာ ၂၀၁၅ ခုနှစ်ထုတ် မော်ဒယ်မှာ ကျပ် (၁၉) သိန်းအထိရှိကြောင်း သိရသည်။
“လိုင်စင် စစ်မယ်ဆိုတော့ လိုင်စင်ပါတဲ့ တရုတ်ဆိုင်ကယ်တွေ ပိုရောင်းရတယ် ပြောလို့ရတယ်။ ယိုးဒယားကျ ၀ယ်ချင်ပေမဲ့ ဈေးများတော့ သိပ်မ၀ယ်နိုင်ကြဘူး။ တရုတ်ဆိုင်ကယ်ဆိုရင်တော့ အသစ်ဝယ် ကြတယ်။ အခုက ၀ါတွင်းမို့နည်းနည်းအရောင်းပါးတာ။ ၀ါမ၀င်ခင်က တော်တော်လေးရောင်းရတယ်။ မန္တလေးက ဆိုင်ကယ်ကို အဓိက ထားကြတာဆိုတော့ အရောင်းအရမ်းကျသွားတာမျိုးတော့မရှိဘူး။ ဈေးလည်းမကျပါဘူး။”ဟု ဆိုင်ကယ်ပွဲစား ကိုမင်းက ပြောသည်။
အများစုမှာ ယိုးဒယားဆိုင်ကယ်ကျပ် (၁၃) သိန်းဝန်းကျင်ကို လူကြိုက်များပြီး Clickဆိုင်ကယ် ဈေးမှာလည်း ကျပ် (၁၁) သိန်းမှ (၁၈) သိန်းနှင့် တရုတ်ဆိုင်ကယ်များမှာ ကျပ် (၅)သိန်းမှ (၈)သိန်းဝန်းကျင်အထိရှိကြောင်း သိရသည်။
သတင်း - ရွှေဇော်