ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တာလေမြို့တွင် ဘုရားကျောင်းလာတက်သော မောင်နှမနှစ်ဦးအား ယနေ့ မတ်လ(၂၉)ရက် နေ့လယ်ပိုင်းက ကားတစ်စီးသည် အရှိန်မထိန်းနိုင်တော့ဘဲ မတော်တဆ တိုက်မိရာမှ မောင်းပြေးသွားကြောင်း သိရသည်။
“ကလေးတွေက တနင်္ဂနွေဆိုတော့ တောင်ပေါ်ကနေ တာလေမြို့ထဲ ဘုရားကျောင်းလာတတ်တာ၊ ပြီးတော့ ဆံပင်သွားညှပ်ဖို့လာတုန်း ကားတိုက်ခံလိုက်ရတာ၊ အခြေအနေတော့ မကောင်းဘူး ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံထိ ပို့ထားလိုက်ရတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးမှ ပြောပြသည်။
ကလေးငယ်များမှာ အာခါတိုင်းရင်းသားများဖြစ်ပြီး တာလေမြို့အနီးရှိ တောင်ပေါ်ကျေးရွာတွင် နေထိုင်ခြင်းဖြစ်ကြောင်း၊ ကျိုင်းတုံ - တာချီလိတ်လမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း နှင့် မောင်နှမ(၂)ဦးတွင် ယောက်ျားလေးမှာ အသက်(၁၆)နှစ်နှင့် မိန်းကလေးမှာ အသက်(၁၂)ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရသဖြင့် တာချီလိတ်ဆေးရုံမှတဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဆေးရုံ၊ ထိုမှတဆင့် ချင်းရိုင်းဆေးရုံသို့ ဆက်လက် ပို့ဆောင်ထားကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။
ယာဉ်တိုက်မှုနှင့် ပတ်သက်၍ တာလေမြို့တွင် အမှုဖွင့်အရေးယူထားကြောင်းနှင့် မောင်းပြေးသွားသူ ယာဉ်မောင်းနှင့် ယာဉ်အားတွေ့ရှိရန် လိုက်လံစုံစမ်းနေလျက်ရှိကြောင်း သိရသည်။