ဇွဲမြတ် -Tachileik News Agency
ကျိုင်းတုံ၊ မေလ(၂၅)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း ) ကျိုင်းတုံမြို့မှ တောင်ကြီးသို့ ခရီးသွားဦးရေမှာ မေ လဒုတိယ ပတ်မှ စတင်ကျဆင်းလာသဖြင့် ခရီးသည်တင် ယာဉ်လိုင်းများ ကားစီးရေ လျှော့ချပြေးဆွဲနေရကြောင်း ခရီးသည်တင် ဂိတ်လိုင်းများမှ သိရသည်။
"အခုလို မိုးတွင်း စဝင်တဲ့အချိန်က ခရီးသည်တွေက ရှားတယ်။ အခုဆို ကျိုင်းတုံ-တောင်ကြီးသွားတဲ့ ခရီးသည်တွေက သိပ်မရှိတဲ့အတွက် တစ်ရက် မှ တစ်ခေါက်လောက်ပဲ ကားတွေသွားနေရတယ်။"ဟု ချမ်းသာအောင်ကားဂိတ်မှ ဂိတ်မှူး ဦးမော်က ပြောသည်။
တောင်ကြီးသို့ သွားရောက်မည့် ခရီးသည်များ ရှားပါးနေသော်လည်း ကျောင်းဖွင့်ရာသီ နီးကပ်လာသဖြင့် ကျောင်းပိတ်ကာလ နေရပ်ပြန် ကျောင်းဆရာများ ကျိုင်းတုံသို့ပြန်ရောက်လာခြင်းကြောင့် တောင်ကြီးမှ ကျိုင်းတုံသို့ ပြေးဆွဲသည့် ကားစီးရေမှာ နေ့စဉ် (၃)စီးခန့် ပြေးဆွဲနေရကြောင်း သိရသည်။
"ဒီမှာ အများဆုံးပြေးဆွဲတဲ့ ကားအမျိုးအစားကတော့ Super Coustom Hi Ace တွေများတယ်။ လူ(၁၅)ယောက်လောက်ဆံ့တာ။ ခရီးသည်(၅၀)လောက်ဆံ့တဲ့ကားကတော့ တာချီလိတ်-ကျိုင်းတုံ ပြေးဆွဲတာ များတယ်။ မိုးရာသီလမ်းကြမ်းတာလည်းပါတော့ ကျိုင်းတုံကနေ တောင်ကြီးဆို လမ်းမှာ တစ်ညအိပ်ပြီးမှ ရောက်တယ်"ဟု ခရီးသည်ယာဉ် မောင်းနှင်သူ ကိုအိုက်ကျော်က ပြောသည်။
ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း(၁၈)ခုရှိပြီး အဓိကအားဖြင့် ကျိုင်းတုံ-တောင်ကြီး လမ်းကြောင်းအား ပြေးဆွဲလျှက်ရှိကာ ယခင်က နေ့စဉ် (၃)စီးနှုန်းဖြင့် ပုံမှန်ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။