(တင်ရန်) ဧည့်စာရင်းတိုင်ကြားခြင်း ပယ်ဖျက်ရာတွင် နယ်စပ်ဒေသများအတွက် ထည့်သွင်းစဉ်းစားရန်လို

(တင်ရန်) ဧည့်စာရင်းတိုင်ကြားခြင်း ပယ်ဖျက်ရာတွင် နယ်စပ်ဒေသများအတွက် ထည့်သွင်းစဉ်းစားရန်လို
မေ 12, 2016
By Tachileik News Agency

ကိုဇက် -Tachileik News Agency
တာချီလိတ်၊ မေလ(၈)ရက်
ဧည့်စာရင်းတိုင်ကြားခြင်းနှင့်ပတ်သက်၍ ပြဌာန်းထားသော ပုဒ်မအားလုံးပယ်ဖျက်ရာတွင် နယ်စပ်ဒေသများအတွက် ထည့်သွင်းစဉ်းစားသင့်သည်ဟု တာချီလိတ်မြို့မှ အုပ်ချုပ်ရေးမှုးများက ဆိုသည်။

"ရပ်/ကျေးအုပ်ချုပ်ရေးမှူးရဲ့ ဥပဒေမူကြမ်းပြင်ဆင်ချက်မှာ ဧည့်စာရင်းတိုင်ကြားစရာ မလိုတော့ဘူးလို့ ပြောတာတော့ကြားတယ်။ ကျွန်တော်တို့ နယ်စပ်တွေမှာတော့ လိုတယ်လို့ထင်တယ်။ အဓိက တရားဥပဒေစိုးမိုးဖို့ပါ။  ပြည်တွင်းမှာဆိုရင်တော့ လိုချင်မှလိုလိမ့်မယ်။ ဒီမှာက နယ်စပ်ဖြစ်တဲ့အတွက် နေ့စဉ် လူဝင်လူထွက်ရှိတယ်။ ရာဇ၀တ်မှုကျူးလွန်ထားတဲ့သူတစ်ယောက် ရပ်ကွက်ထဲရောက်နေတယ်ဆိုရင် ဒီဥပဒေနဲ့ ကျွန်တော်တို့ သွားရောက်စစ်ဆေးလို့ရတယ်။ ကိုယ့်ရပ်ကွက်ထဲ သူစိမ်းဘယ်လောက်ရှိတယ်ဆိုတာကအစ စာရင်းအရသိနိုင်တယ်"ဟု တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် အိမ်ထောင်စုစာရင်းဖြင့်နေထိုင်သူနည်းပါးပြီး ရွှေ့ပြောင်း လာရောက်နေထိုင်သူနှင့် ရွှေ့ပြောင်း အလုပ်သမားများပြားခြင်းကြောင့် ဧည့်စာရင်းတိုင်ကြားခြင်းအားဖြင့် လူဦးရေစာရင်းသိနိုင်ခြင်းနှင့် သူစိမ်းဝင်ထွက်မှုအားစောင့်ကြည့်နိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆိုသည်။

 "ကျွန်တော်တို့ ဒေသခံအနေနဲ့ ဒီဧည့်စာရင်းတိုင်ကြားတဲ့စနစ်ကို ဖျက်စေချင်တယ်။ ဘာလို့လဲဆိုတော့ ရပ်ကွက်ရုံးတွေမှာ ငွေကြေးကောက်ခံတာတွေရှိလို့ တာချီလိတ်ရပ်ကွက်တိုင်းမှာ လူတစ်ဦးအတွက် တစ်ပတ်စာ ဘတ်(၂၀)ကောက်ခံတာ နှစ်ပေါင်းကြာပြီ။ ဒီငွေကြေးတွေကို ဘယ်ရောက်သွားသလဲမေးရင် ရပ်ကွက်ရုံး စာရွက်စာတမ်းကြေးလို့ပြောကြတယ်။ ရပ်ကွက်ထဲမှာ တစ်ခြားပြည်သူ့စစ်ကြေး၊ မီးကင်းကြေးဆိုတာတွေလည်း ရှိတယ်။ ငွေမပေးရဘူး။ ဧည့်စာရင်းတိုင်ရမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့"ဟု မန္တလေးတိုင်းဒေသကြီးအတွင်းမှ လာရောက်နေထိုင်သူ ဦးအောင်သိန်းက ပြောသည်။

ဧည့်စာရင်းတိုင်ကြားခြင်းအား ခေါင်းစဉ်အမျိုးမျိုးဖြင့် အခကြေးငွေများပေးဆောင်နေရခြင်းမှာ မဖြစ်သင့်ကြောင်း တာချီလိတ်မြို့သို့ အခြားဒေသများမှ လာရောက်နေထိုင်သူများကဆိုသည်။

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေ တတိယအကြိမ်ပြင်ဆင်ရေးအတွက် ဥပဒေမူကြမ်းအား မေလ(၆)ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး ဥပေဒမူကြမ်းတွင် ဧည့်စာရင်းတိုင်ကြားခြင်းနှင့်ပတ်သက်၍ ပြဌာန်းထားသည့် ပုဒ်မများအား ပယ်ဖျက်ထားကြောင်း သိရသည်။

ယခုလက်ရှိပြုဌာန်းထားသော ရပ်ကျေးဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဆ)အရ အခြား ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုမှ ညဥ့်အိပ်ညဥ့်နေလာ ရောက်တည်းခိုသော ဧည့်သည် များအတွက် ဧည့်စာရင်းတိုင်ကြား ခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းတို့အား ရပ်ကွက်အုပ်ချုပ်ရးမှူးမှ စစ်ဆေးနိုင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တိုင်ကြားခြင်းမရှိလျှင် ရပ်ကျေးဥပဒေပုဒ်မ (၁၇)အရ ဒဏ်ငွေ(၅၀၀၀)ထက်မပိုသော ငွေဒဏ်နှင့်နှင့် ထောင်ဒဏ်(၇)ရက်ထိချမှတ်နိုင်ကြောင်း ပါဝင်သည်ဟု သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net