(တင်ရန်) မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုလျော့ကျနေပြီး နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ် ၀င်ရောက်မှု ထက်ဝက်ခန့်လျော့ကျ

(တင်ရန်) မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုလျော့ကျနေပြီး နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ် ၀င်ရောက်မှု ထက်ဝက်ခန့်လျော့ကျ
သြဂုတ် 9, 2016
By Tachileik News Agency

၆။
ထိုက်ထိုက် - Tachileik News Agency
ရန်ကုန်၊ သြဂုတ်လ (၆) ရက်

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုလျော့ကျနေပြီး မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ် ၀င်ရောက်မှု သြဂုတ်လအတွင်း ထက်ဝက်ခန့် လျော့ကျလျှက်ရှိနေကြောင်း ရန်ကုန် - မန္တလေး - မူဆယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ထိုသို့ ကုန်စည်စီးဆင်းမှု လျော့ကျနေခြင်းသည် မိုးတွင်းကာလဖြစ်နေပြီး တရုတ်နိုင်ငံတွင်လည်းအရောင်းအ၀ယ်များအေးနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
“ကုန်စည်စီးဆင်းမှုအခြေအနေက မိုးတွင်းဆိုတော့ ပါးတာပေါ့။ တော်တော်လေးကိုပါးတယ်။ သွင်းကုန်ရော ပို့ကုန်ရော နည်းသွားတယ်။ ပြီးတော့ တရုတ်ဘက်မှာကလည်း အရောင်းအ၀ယ်တွေ ပါးနေတာကြောင့် တစ်ဝက်လောက် လျော့သွားတာ“ ဟု အရုဏ်ဦး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ဦးတင်ယုက ပြောသည်။
ယခင်က မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ နေ့စဉ် ကုန်ကားအစီးရေ (၁၀၀၀) ၀န်းကျင်ခန့် ၀င်ရောက်လျှက်ရှိနေပြီး လက်ရှိကာလတွင် ကားအစီးရေ (၅၀၀) ခန့်သာ ၀င်ရောက်တော့ကြောင်း မူဆယ်မြို့ရှိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
“ (၁၀၅) မိုင် ကုန်သွယ်ရေးအခြေအနေက အေးနေတယ်။ ကုန်ပို့တာအရင်တုန်းက အတက်အဆင်းကို ကားအသေးလေးတွေ မပါဘူး ကုန်ကားအကြီးတွေက (၈၀၀)နဲ့ (၁၀၀၀)ကြားမှာရှိတယ်။ အခုက (၆၀၀)ပြည့်ဖို့ကို မလွယ်ဘူး။ ကုန်မရှိတာပေါ့။ မကိုက်တော့ဘူးဖြစ်နေတယ်။ တစ်နေ့ကို အရင်က ပျဉ်းမျှနှုန်းကိုမှ အနည်းဆုံးနဲ့ တွက်ရင် ၇၀၀ နဲ့ ၈၀၀ကြားတော့ တွက်လို့ရတယ် အခုက အဲလိုကို မရှိတော့ဘူး အဆင်းအတက်ရောမှ ၄၀၀နဲ့ ၅၀၀ပဲရှိတော့တယ် ထက်ဝက်လောက်ကျသွားတာပေါ့ “ ဟု မူဆယ်မြို့ရှိ  ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ကိုနှင်းလှိုင်က ပြောသည်။
လက်ရှိတွင် မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန် အနည်းငယ်သာ တင်ပို့နေရပြီး ကုန်စည်စီးဆင်းမှု လျော့ကျနေခြင်းကြောင့် တန်ဆာခ ဈေးနှုန်းများမှာလည်း လျော့ကျလာကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ကုန်သွယ်ရေးဦးစီးဌာန၏ စာရင်းများအရ မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်မှုပမာဏမှာ ၂၀၁၆ ခုနှစ်ဧပြီလ ( ၁) ရက်နေ့မှ ၂၀၁၆ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့ထိ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်းပေါင်း (၁၄၁ ဒဿမ ၃၁၀) ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလထက် (၁၄၈ ဒဿမ ၇၆၄) လျော့နည်းကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net