( တင်ရန် ) ထိုင်း - မြန်မာနယ်စပ် တာချီလိတ်ငွေဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်နေ

( တင်ရန် ) ထိုင်း - မြန်မာနယ်စပ် တာချီလိတ်ငွေဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်နေ
မေ 13, 2016
By Tachileik News Agency

ဇောင်းညီ - Tachileik News Agency
တာချီလိတ်၊ မေလ (၉) ရက်
ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဘတ်-ကျပ်ငွေလဲဈေးနှုန်းတွင် ၌ ကျပ်ငွေဈေးနှုန်းမြင့်လာနေပြီး ဒေသတွင်းစီးပွားရေး အခြေအနေကောင်းလာကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

 “အခုအခြေအနေအရ မြန်မာငွေအားက တဖြည်းဖြည်းကောင်းလာတယ်။ အခုနိုင်ငံရေးက ကောင်းလာတာကြောင့် မြန်မာငွေဈေးက ကျသွားဖို့တော့မရှိဘူး။ ခုလောလောဆယ် တည်ငြိမ်နေတယ်။ နောက်စီးပွားရေးက နည်းနည်းကောင်းလာတယ်။ နိုင်ငံရေးအခြေအနေတည်ငြိမ်လာတဲ့အတွက် နိုင်ငံခြားစီးပွားရေး ရင်းနှီးမြှပ်နှံသူတွေက များလာတော့ မြန်မာငွေဈေးကလည်း တဖြည်းဖြည်းခိုင်မာလာတယ်။ မဆင်းသွားတော့ဘူး။”လို့ ကျပ်-ဘတ် ငွေလဲလုပ်ကိုင်သူ ကိုမောင်ထွေးက ပြောပါတယ်။

တာချီလိတ်မြို့ငွေလဲဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ လနှင့် ဖေဖော်ဝါရီ လများအတွင်း ကျပ်/ဘတ်ငွေလဲနှုန်းမှာ ကျပ်(၁)သိန်းလျှင် ဘတ်(၂၇၅၀)၀န်းကျင်မှ ဘတ်(၂၈၀၀)၀န်းကျင်အထိရှိပြီး ဧပြီ လမှ မေ လအတွင်း ကျပ်(၁)သိန်းလျှင် ဘတ်(၂၉၅၀) ၀န်းကျင်မှ ဘတ်(၃၀၀၀)၀န်းကျင်အထိ မြင့်တက်လာတာပါ။

 “တာချီလိတ်မှာ ငွေဈေးပြောင်းလဲတာက အခြေအနေ အမျိုးမျိုးပေါ်မူတည်တယ်။ အဓိကက ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေ အရောင်းအ၀ယ်တွေကြည့်ပြီး ရန်ကုန်က ဒီဖက်ကိုပြန်ရောင်းတဲ့ ကျပ်ငွေပေါက်ဈေးပေါ် မူတည်တယ်။ ဒီဖက်မှာ ရောင်းအားဘယ်လောက်ကောင်းမလဲ ၀ယ်လိုအားဘယ်လောက်ကောင်းမလဲဆိုတာတွက်ပြီး ၀ယ်လိုအား/ရောင်းလိုအားပေါ်လည်းမူတည်ပြီး ငွေဈေးပြောင်းလဲတယ်။”လို့ တာချီလိတ်မြို့ ကျပ်-ဘတ်ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

နယ်စပ်ဒေသများဖြစ်သည့် တာချီလိတ် ၊ မြ၀တီတို့တွင် ငွေလဲနှုန်းအခြေအနေသည် နိုင်ငံရေးအခြေအနေ၊ ကုန်သွယ်ရေးစီးဆင်းမှု အခြေအနေတို့အပေါ်မူတည်ပြီး ပြောင်းလဲလေ့ရှိကြောင်း သိရပါတယ်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net