၂၀၁၅ -၂၀၁၆ ခုနှစ်

၂၀၁၅ -၂၀၁၆ ခုနှစ်
မတ် 6, 2015
By Tachileik News Agency

၂၀၁၅ -၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာလော့ဈေး ပျံကျဈေးကောက် ၊ ယာဉ်ရပ်နားခ နှင့် သန့်စင်ခန်းလုပ်ငန်းများအား အိတ်ပိတ် တင်ဒါစနစ်ဖြင့် လေလံရောင်းချပွဲအား ယနေ့ ဖေဖော်ဝါရီလ (၆)ရက် နံနက်ပိုင်းက တာချီလိတ် မြို့နယ် စည်ပင်ယာသာရေးကော်မတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ လေလံဝယ်ယူသူများအနေဖြင့် ကြမ်းခင်းဈေးထက် အဆပေါင်းများစွာ ဈေးနှုန်းလျှော့ချ၍ ၀ယ်ယူသည့်အတွက် အဆိုပါ လေလံပွဲအား ခေတ္တဆိုင်းငံ့ထားလိုက်ရကြောင်း သိရသည်။

ယင်းလေလံရောင်းချပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်မှ လေလံစည်းကမ်းများအား ရှင်းလင်းပြောကြားပြီးနောက် သန့်စင်ခန်းလုပ်ငန်းအား လေလံပစ်ရာတွင် ဒေါ်နန်းကျန်ဖူးမှ အိတ်ပိတ် စနစ်ဖြင့် လေလံဆွဲဝယ်ယူရာ ကြမ်းခင်းဈေး ၁၉.၄၂၅ သိန်း ရှိသော်လည်း ကျပ် ၁၂ သိန်းသာ ပေးဝယ်ခြင်း ၊ ယာဉ်ရပ်နားခ လုပ်ငန်းအား ဒေါ်နန်းကျန်ဖူးမှပင် ကြမ်းခင်းဈေး ၅၃.၂၃၅ သိန်း အား ကျပ်သိန်း ၂၀ သာပေးဝယ်ခြင်း ၊ ပျံကျဈေးကောက်လုပ်ငန်းအား ကြမ်းခင်းဈေး ကျပ် ၁၂၄၇.၉၂၅ ဖြင့် ရောင်းချရာတွင် ဒေါ်နန်းကျန်ဖူးမှ ကျပ်သိန်း ၈၀၀ ၊ ဒေါ်မီမား မှ ကျပ်သိန်း ၈၆၀ တို့ဖြင့် ကြမ်းခင်းဈေးထက် အဆပေါင်းများစွာ ဈေးနှုန်းလျှော့ချ ၀ယ်ယူခဲ့ကြသည့် အတွက် လေလံဆွဲ ၀ယ်ယူသူများအား ရောင်းချခြင်းအား ခေတ္တဆိုင်းငံ့ထားကာ ပြည်နယ်စည်ပင်သာ ယာရေးကော်မတီ၏ လမ်းညွှန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်ထံမှ သိရှိရသည်။

တာလော့ဈေးသည် ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အထူးထင်ရှားသော ပျံကျဈေးတစ်ဈေးဖြစ်ကာ ထိုင်းနိုင်ငံသားများနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များဖြင့် စည်ကား
သောဈေးဖြစ်သည်။

ဈေးအတွင်း လူသုံးကုန်ပစ္စည်းမျိုးစုံ ၊ အ၀တ်အထည်နှင့် လျှပ်စစ်ပစ္စည်းများ ၊ ရိုးရာလက်မှုပစ္စည်းများအား အဓိကထား ရောင်းချပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီမှ လူသုံးကုန် ၊ အ၀တ်အထည်နှင့် လျှပ်စစ်ပစ္စည်းများ အတွက် တစ်ရက်လျှင် ၄၀၀ ကျပ် ၊ လက်တွန်းလှည်း (ကုန်ပစ္စည်း)တစ်စီးလျှင် ၄၀၀ ကျပ် ၊ လက်တွန်းလှည်း (အစားအသောက်)တစ်စီးလျှင် ၂၀၀ ကျပ် နှင့် ခြင်းလွယ် တစ်ဦးလျှင် ၂၀၀ ကျပ်ကောက်ခံရန် သတ်မှတ်ပေးထားသော်လည်း လက်ရှိကောက်ခံနေသော ဈေးကောက်နှုန်းထားများမှာ ဆိုင်ခန်းတစ်ခန်းလျှင် အကျယ်အ၀န်းနှင့် နေရာပေါ်မူတည်လျှက် တစ်လလျှင် ၁၅၀ ဘတ်မှ ဘတ် ၁၀၀၀ ထိ နှင့် သတ်မှတ်ဧရိယာ ကျော်လွန်ရောင်းချပါက တစ်ရက် ၁၀ ဘတ်နှုန်း ၊ လက်တွန်းလှည်းတစ်စီး
လျှင် တစ်ရက်အတွက် လမ်းမကြီးများပေါ်တွင် ရောင်းချပါက ၅၀ ဘတ် နှုန်း ၊ လမ်းကြားများ တွင် ရောင်းချပါက ဘတ် ၃၀ နှုန်း ကောက်ခံပြီး စီးကရက်နှင့် တိုလီမိုလီ ပစ္စည်းများအား လက်ပွေ့ ရောင်းချသည့် ခြင်းလွယ်ဈေးသည်များမှာ တစ်ရက်လျှင် ဘတ် ၂၀နှုန်း ပေးဆောင် ရကြောင်း သိရသည်။

"စည်ပင်သာယာက လေလံပစ်တဲ့အခါမှာ သက်ဆိုင်ရာအလိုက် ကြမ်းခင်းဈေးထက် ဈေးပို့ပေးတာက နိုင်ငံတော်အခွန်အခ ပိုရရှိတော့ လမ်းတံတား ဆောက်လုပ်ရေးတွေနဲ့ပတ်သက်ပြီး ဒေသအတွင်းမှာ လိုအပ်ချက်တွေကို ပိုမိုလုပ်ဆောင်နိုင်တာပေါ့.. တစ်ခုရှိတာက လေလံကြေးများများနဲ့ ၀ယ်ထားတယ်ဆိုပြီးတော့လည်း ဈေးသည်တွေနားက မတန်တဆကြီး ကောက်ခံလို့လည်း မဖြစ်ဘူး..၊ အားလုံးအဆင်ပြေဖို့တော့ လိုတာပေါ့.."ဟု ဒေသခံ တစ်ဦးမှ လေလံပွဲနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုလာသည်။

သတင်း ။  ။ မောင်ယဉ်ကျေး

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~