ရှမ်းပြည်နယ် ဂုဏ်ဆောင် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉၅၈ခုနှစ်မှ စတင်၍ တောင်ကြီးမြို့၊ လားရှိုးမြို့နှင့် ကျိုင်းတုံမြို့တို့တွင် အလှည့်ကျ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုနှစ် ၂၀၁၄ ခုနှစ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဦးစီး၍ ကျိုင်းတုံမြို့၊ ရွှေတြိဂံဂေါက်ကွင်း၌ ဒီဇင်ဘာလ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် ပြိုင်ပွဲဝင် အားကစားသမားများ စိတ်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကျိုင်းတုံမြို့တွင် လုပ်ငန်းကော်မတီ အသီးသီးမှ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိပါသည်။
ကြိုဆိုနေရာချထားရေး ကော်မတီ အနေဖြင့် ဂေါက်သီးရိုက် အားကစားသမားများ အဆင်ပြေစွာ တည်းခိုနိုင်ရေးအတွက် ဟိုတယ် (၁၁)လုံးတွင် လူဦးရေ (၂၃၁)ဦး တည်းခိုနိုင်ရေးအတွက် ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း၊ တည်းခိုခန်းခနှုန်းထားများကို အထူးနှုန်းဖြင့် စီစဉ်ထားကြောင်း၊ အားကစားသမားများ အနေဖြင့် လေဆိပ်မှ ကြိုဆိုရေးကိုလည်း စီစဉ်ထားပြီးဖြစ်ကြောင်း၊ ကျိုင်းတုံသို့ ရောက်ရှိသည့်အခါ အားကစားသမားများ အနေဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)သို့ သတင်းပို့ရမှာဖြစ်ပြီး ယင်းမှ တစ်ဆင့် ကြိုဆိုနေရာချ ထားရေးကော်မတီမှ နေရာချထားပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ပြိုင်ပွဲဝင်အားကစားသမားများ သွားလာမှု အဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေး ကော်မတီမှမော်တော်ယာဉ်များလည်းစီစဉ်ထားရှိကြောင်း၊၂၆-၁၂-၂၀၁၄ရက်နေ့တွင် လေယာဥ်အသီး သီး ဖြင့် ရောက်ရှိလာမည့် ဂေါက်သီးရိုက်အားကစားသမားများအား လေယာဉ်ကွင်းတွင် Micro Bus (၂)စီး အရန်သင့် စီစဉ်ထားရှိကြောင်း၊ ယှဉ်ပြိုင်မည့်နေများတွင် ဂေါက်သီးရိုက် အားကစားသမားများအား တည်းခိုမည့် ဟိုတယ်မှ ဂေါက်ကွင်းသို့ ( ကြို / ပို့ ) ဆောင်ရွက်ရန် Express မှန်လုံယာဉ်ငယ်များအား ဆောင်ရွက်ထားရှိကြောင်းသိရှိရသည်။
ထို့အပြင် ဂေါက်သီးရိုက်အားကစားသမားများ သွားလာလည်ပတ်မှု အဆင်ပြေစေရန် Taxi ဂိတ်ကို ဂေါက်ကွင်းရှေ့တွင်ထားရှိပြီးမော်တော်ယာဉ်လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်တင့် (၀၉-၅၂၅၂၉၀၇)မှ ကြီးကြပ်ပြီး ခရီးစဉ်အလိုက် လွယ်ကူစွာ သွားလာနိုင်ရေးနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များကိုအောက်ပါအတိုင်းစီစဉ်ထားပါသည်-
ကျိုင်းတုံမြို့သည်ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏မြို့တော်မြို့တစ်မြို့ဖြစ်ပြီးကျိုင်းတုံမြို့ ရောက်ရှိသည် နှင့်ခေမရဋ္ဌ်ရပ်တော်မူဘုရားကြီးကိုအဝေးကပင်ဖူးတွေ့နိုင်ပါသည်။ထိုမှတစ်ဆင့် အထင်ကရနေရာတစ်ခု ဖြစ်သည့် သစ်တစ်ပင်တောင်သို့သွားရောက်ပြီးသစ်တစ်ပင်တောင်၏ သမိုင်းကြောင်းကို လေ့လာနိုင်ပါသည်။ သစ်တစ်ပင်တောင်ပေါ်မှ ကျိုင်းတုံမြို့၏ ရှုခင်းကို မြင်တွေ့နိုင်ပါသည်။ ညပိုင်းတွင် အပန်းဖြေအနားယူရင်း နောင်တုံကန်၏ ညအလှရှုခင်းကိုလည်း ခံစားနိုင်ပါသည်။ ရာသီဥတုအနေဖြင့်လည်း အေးမြသည့် ဆောင်းရာသီဖြစ်သည်နှင့်အညီ ကျိုင်းတုံရေပူစမ်းသို့လည်း သွားရောက် အနားယူ အပန်းဖြေနိုင်ပါသည်။ ထို့ကြောင့်ကျိုင်းတုံမြို့ကိုရောက်ရှိခိုက်ဖော်ပြပါ လေ့လာစရာနေရာများအပြင် အခြားစိတ်ဝင်စားဖွယ်ရာ နေရာများလည်း ရှိပါကြောင်း တင်ပြရင်း ကမ္ဘောဇဖလား ဂေါက်ပြိုင်ပွဲနှင့်အတူ ကျိုင်းတုံမြို့မှ ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။