ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ ပန်ဟတ်ရွာတွင် နိုင်ငံခြားသားတစ်ဦးအား နေအိမ်တွင် တည်းခိုနေထိုင်ရန် လက်ခံထားမှုဖြင့် နေအိမ်ပိုင်ရှင်အား နိုဝင်ဘာလ (၁၀)ရက်နေ့တွင် လဝက အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် တာချီလိတ်မြို့ရဲတပ်ဖွဲ့မှ နယ်ထိန်းနှင့်အဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ် နိုဝင်ဘာလ (၁၀)ရက်နေ့ ညနေ (၆)နာရီ (၂၀)မိနစ်ခန့်က ဆိုင်ကယ်ခိုးလာသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာမှ ဗီဇာသက်တမ်းကျော်လွန် နေထိုင်ပြီး ဗီဇာစည်းကမ်းချိုးဖောက်ကာ နေအိမ်တစ်ခုတွင် တည်းခိုနေထိုင်သည့် မလေးရှားနိုင်ငံသား တစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ မလေးရှားနိုင်ငံသားသည် အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၁၆ ခုနှစ် ဧပြီလ (၁၀)ရက်နေ့က တရားဝင်ဖြတ်သန်းခွင့်ဖြင့်ဝင်ရောက်ခဲ့ပြီး တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ ပန်ဟတ်ရွာမှ ဦးညွန့်လှိုင်၏ နေအိမ်တွင် တည်းခိုနေထိုင်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဦးညွန့်လှိုင်အား ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားအား တည်းခိုနေထိုင်ခွင့်ပြုထားသည့် ဦးညွန့်လှိုင်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၃၁/ ၂၀၁၇၊ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၁၃(၅)အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိထုတ်ပေးလျက်ရှိသည့် ဗီဇာ (၁၂) မျိုးတွင် လုပ်ငန်းဗီဇာနှင့် လူမှုရေး ဗီဇာကိုင်ဆောင်သည့် နိုင်ငံခြားသားများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းပိုင်ရှင် မိသားစုဝင်များ၏ ထောက်ခံချက်ပါရှိမှသာ အခန်းငှားနေထိုင်ခွင့်ရှိပြီး အလည်အပတ်အပါအဝင် အခြားဗီဇာကိုင်ဆောင်သည့် နိုင်ငံခြားသားများအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် ဟိုတယ်များတွင်သာ တည်းခိုနေထိုင်ခွင့်ရှိပြီး နေအိမ်၊ စည်ပင်သာယာရေးဦးစီးဌာနမှ လိုင်စင်ဖြင့် ဖွင့်လှစ်သည့် တည်းခိုခန်းများတွင် နေထိုင်တည်းခိုခွင့်မရှိကြောင်း သိရသည်။
သတင်း #
