ထိုက်ထိုက်- Tachileik News Agency
ရန်ကုန်၊ ဇူလိုင်လ (၂၇) ရက်
တရုတ်ဝယ်လက် ၀င်ရောက်မှုမရှိသောကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကျောက်မျက်ရတနာ အချောထည်ရောင်းဝယ်ရေး စင်တာကြီးမှာ ဖွင့်လှစ်ထားတဲ့ အရောင်းဆိုင်ခန်းတွေထဲက အနည်းငယ်သာ ဆက်လက်ဖွင့်လှစ်ထားတယ်လို့ မြစ်ကြီးနားရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ ထံမှသိရပါတယ်။ ”တရုတ်ဝယ်လက် မရှိတာက ငွေကြေးပြုပြင်ပြောင်းလဲမှုနဲ့လည်း ဆိုင်တယ်။ တရုတ်ပြည်က သူတို့ရဲ့ငွေကြေးမူဝါဒတွေကို ပြောင်းပစ်လိုက်တယ်။ နောက်ပြီးတော့ လာဘ်ပေးလာဘ်ယူတွေ တိုက်ဖျက်တာ ၊ ထုတ်ချေးထားတဲ့ငွေတွေကို လုပ်ငန်းရှင်တွေက ပြန်မဆပ်တာ။ အဲဒါတွေအကုန်လုံးပါပဲ။ ဒို့ဆီရဲ့ ၀ယ်လက်က တရုတ်ပြည်ပဲ အဓိကရှိတာဆိုတော့ ၀ယ်မယ့်သူက စီးပွားကျနေတဲ့သဘောဖြစ်နေတယ်။ မ၀ယ်တော့ဘူးဆိုတဲ့ သဘောမျိုးပေါ့” လို့ ကချင်ပြည်နယ်၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား) အတွင်းရေးမှူး ဦးသောင်းကြည်က ပြောပါတယ်။
မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာ အချောထည်ဈေးကွက်ပျက်နေသည်မှာ (၂)နှစ်ခန့်ကြာမြင့်နေပြီး လက်ရှိအချိန်ထိ အရောင်းအ၀ယ်များ ရပ်ဆိုင်းနေတာကြောင့် တစ်ဘက်နိုင်ငံများသို့ တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် ရောက်ရှိနေတဲ့ ကျောက်မျက်တွေကိုလည်း ဈေးနှိမ်ခံနေရတယ်လို့ မြစ်ကြီးနားမြို့က ကျောက်မျက်ရတနာ ကုန်သည် ဦး ကတောင် ကပြောပါတယ်။
“ကျောက်စိမ်းက လက်သိပ်ထိုးတွေတော့ ဖြစ်တယ်။ တကယ် ထဲထဲဝင်ဝင်တော့ မဖြစ်ဘူး။ အမြင့်ပိုင်းကျောက်တွေ မဖြစ်ဘူး။ တရုတ်ပြည်ကိုကလည်း သိန်း (၃၀၀) လောက်တန်တာကို (၁၀၀) တောင်မပေးချင်ဘူး။ ဈေးကွက်ပျက်တာ ကြာပြီ” လို့ ဦးကတောင်က ဆိုပါတယ်။
ကျောက်မျက်ရတနာ အချောထည်ရောင်းဝယ်ရေး စင်တာကြီးအား စတင်ဖွင့်လှစ်ချိန်က အရောင်းဆိုင်ခန်း အားလုံးနီးပါး ရောင်းချနိုင်ခဲ့ပြီး ပြည်တွင်းပြည်ပ ရတနာကုန်သည်များကို ၀င်ရောက်လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းလုပ်ငန်းရှင် များသာရောင်းချနေကြောင်း သိရပါတယ်။
ယင်းစင်တာကြီးတွင် ကျောက်စိမ်းအချောထည်များကို အဓိကရောင်းချနေပြီး ပတ္တမြား၊ နီလာ၊ ပုလဲ၊ ပယင်းကျောက်စသည့် ကျောက်မျက်ရတနာ များကိုလည်း ရောင်းချပေး လျှက်ရှိပါတယ်။
ကျောက်မျက်ရတနာ အချောထည်ရောင်းဝယ်ရေး စင်တာကြီးကို မြေဧက (၁၅ ဒဿမ ၃၅၁ )ဧက ပေါ်တွင်ဆောက်လုပ်ထားပြီး ဆိုင်ခန်းပေါင်း (၁၇၇) ခန်းကျော် ပါဝင်တာဖြစ်ပါတယ်။
(တင်ရန်) တရုတ်ဝယ်လက်မရှိ၍ မြစ်ကြီးနား ကျောက်မျက်ရတနာ အချောထည်ရောင်းဝယ်ရေး စင်တာတွင် အရောင်းဆိုင်ခန်း အနည်းငယ်သာဖွင့်လှစ်
Featured News
ဖေဖော်ဝါရီ 21, 2025
ဖေဖော်ဝါရီ 21, 2025
ဖေဖော်ဝါရီ 21, 2025
ဖေဖော်ဝါရီ 20, 2025
ဖေဖော်ဝါရီ 20, 2025