ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ကိစ္စအပြီးသတ်ညှိနှိုင်း ဖြေရှင်းရန် ဧပြီလမကုန်မီ လေးပွင့်ဆိုင် ထပ်မံတွေ့ ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့ တွင် ဗိုလ်ချုပ်ကြေးရုပ်တု ကိစ္စနှင့်ပက်သက်၍ လွိုင်ကော်မြို့ KEINNARA LOIKAW ဟိုတယ် တွင် ပြုလုပ်ခဲ့သည့် ငါးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပြီး တွင်သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တု ရွေ့ပြောင်းပေး ရေးကိစ္စနှင့် ပက်သက်၍ ငါးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ရာတွင်နှစ်ဖက်သဘောတူ လက်ခံနိုင်သောဖြေရှင်းချက်များ ရရှိရန် ပြည်နယ်အစိုးရ နှင့် ကရင်နီလူငယ်အင်အားစု သပိတ်ကော်မတီ မှ အဆိုပြု ချက် နှစ်ချက်စီ အားသဘောထား စုစည်းချက်အဖြစ် ထားရှိခဲ့ပြီး လာမည့် ဧပြီလမကုန်မီ လေးပွင့်ဆိုင်အပြီးသပ်တွေ့ဆုံဆွေးနွေး ရာတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
နှစ်ဖက်သဘောတူလက်ခံနိုင်သော ဖြေရှင်းချက်များ ရရှိရန် ပြည်နယ်အစိုးရ ဖက်မှ အဆိုပြုနည်းလမ်းအဖြစ် ဗိုလ်ချုပ်ကြေးရုပ်တုအား လက်ရှိအတိုင်းထားရှိပြီး ယင်းနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ ကတိကဝတ်များ ၊ပင်လုံစာချုပ်ပါအချက်များအား နှစ်ဖက်ညှိနှိုင်း၍ ကမ္ပည်းကျောက်စာများ ရေးထိုးထာရှိရန် နှင့် ဗိုလ်ချုပ်ရုပ်တုဘေးတွင် ကရင်နီတိုင်းရင်းသားခေါင်ဆောင် တစ်ဦး၏ ရုပ်တုထားရှိရန် အဆိုပြုထားပြီး ကရင်နီလူငယ်အင်အားစုများဖက်မှ ဗိုလ်ချုပ် ရုပ်တုအား ပြည်နယ်ပြင်ပသို့ရွေ့ပြောင်းပေးရန် နှင့်အဆင်မပြေပါက အများနှင့်မသက်ဆိုင်သော နေရာ ဥပမာ NLDရုံး ၊ ပရဟိတ ရုံးများတွင်ထားရှိရန် စသည့် နည်းလမ်းအဆိုပြုချက်များ အားသဘောထား စုစည်းချက်အဖြစ် ဆွေးနွေးထားရှိခဲ့ကြောင်းသိရသည်။
" ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်အဖြေတော့ မရပေမယ့် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ပေမယ့် အခုလိုနှစ်ဖက်ဆွေးနွေးမှုမဆန်ခဲ့ဘူး အစိုးဖက်က မိန့်ခွန်းပြော သဘောထားပြောပြီး ပြီးသွားတယ် ။ ခုအစည်းဝေးကတော့ တကယ်တွေ့ဆုံဆွေးနွေးမှုဆန်တယ် ကျွန်တော်တို့ကလည်း တွေ့ဆုံညှိနှိုင်းမှုလမ်းစဉ် ဖက်ကိုပဲ သွားချင်တာဖြစ်တယ် ဒါကြောင့် ဒီနေ့အခြေနေကို သဘောတူလိုက်တာပေါ့ ။ ကျွန်တော်ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးကိုရှေးရှုပြီး ဆက်ပြီးဆွေးနွေးသွား ဖို့ သဘောတူခဲ့တာပါ " ဟု ကရင်နီလူငယ်အင်အားစု သပိတ်ကော်မတီမှ ခွန်သောမကပြောဆွေးနွေးမှု့အပြီး ရှင်းလင်းပွဲတွင် ပြောသည်။
ယနေ့တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်သဘောတူညီ ချက်အဖြစ် ကြေးရုပ်တုကိစ္စ နှစ်ဖက်လက်ခံနိုင်သော ဖြေရှင်းချက်ရရှိရေး ငြိမ်းချမ်းစွာ ညှိနှိုင်းကြရန် ၊ နှစ်ဖက်အဆိုပြုထားသည့် နည်းလမ်းများကို ပြန်သုံးသပ်ကာ ဧပြီလ မကုန်မီ လေးပွင့်ဆိုင်ပြန်လည် တွေ့ဆုံ၍ အားလုံးလက်ခံနိုင်သော ဖြေရှင်းချက် အပြီးသပ်ရရှိရေး ဆွေးနွေးညှိနှိုင်းသွားရန် သဘောတူညီခဲ့ကြသည်။
" ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဖြေရှင်းနိုင်ဖို့ ဆက်ကြိုးစားသွားမှာပါ" ဟု ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦး ညီညီကပြောသည်။
ယနေ့တွေ့ဆုံဆွေးနွေးရာတွင် ငါးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ သော်လည်း ဧပြီလမကုန်မီ ပြုလုပ်မည့် အပြီးသပ်ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီအား ပါဝင်ဆွေးနွေးခိုင်းတော့မည် မဟုတ်ဘဲ လေးပွင့်ဆိုင်သာ ဆွေးနွေးသွားမည် ဖြစ်သည်။
" ကျွန်တော်တို့ လေးပွင့်ဆိုင်ပဲ တွေ့ဖို့ဆုံးဖြက် လိုက်တာက လက်ရိဆွေးနွေးပွဲမှာ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီက ဒီကြးရုပ်ကိစ္စကို တာဝန်ယူ တာဝန်မခံနိုင်ဘူး ပြည်နယ် အစိုးရကပဲ တာဝန်ယူရမယ် ပေါ့လေ ။ အဲ့ဒါကြောင့် ဒီကော်မတီကို မထည့်တော့ဘူး လက်ရှိကြေးရုပ် ကိစ္စမှာ တာဝန်ရှိတာက ပြည်နယ်အစိုးရဖြစ်တယ်။ ပြည်နယ်အစိုးရကသာ တာဝန်ယူ တာဝန်ခံရမှာဖြစ်ပါတယ် " ဟု ကရင်နီပြည် လူငယ်အင်အားစု သပိတ်ကော်မတီမှ ခွန်သောမတ် က ပြေညသည်။
ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် NRPC မှနိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေး ဦးဆောင်၍( (၅) ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို ဦးဆောင်၍ (၄) ဦး ၊ ဗိုလ်ချုပ် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ (၃) ဦး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ဒုဥက္ကဌ ခူးဦးရယ် ဦးဆောင်၍ (၄) ဦး နှင့် ကရင်နီပြည် လူငယ်များအင်အားစုကော်မတီ မှ (၇)ဦးတို့ တတ်ရောက်၍ တွေ့ဆုံဆွေးနွေး လျှက်ရှိပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ် တို့မှအသိသတ်သေများ အဖြစ် တတ်ရောက်ခဲ့ကြသည်။