ကယားပြည်နယ် လွိုင်ကော်မြို့တွင် COVID-19 အတွက် ဖွင့်ထားသည့် အဖျားရောဂါကု အခမဲ့ဆေးခန်း ပိတ်သိမ်းတော့မည်
ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ မြို့တော်ခန်းမမှာ Covid-19 နဲ့ ပတ်သက်ပြီးတော့ ဘယ်သူမဆို လာရောက် စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ဖွင့်လှစ်ပေးထားတဲ့ အခမဲ့ အဖျားရောဂါကုဆေးခန်း (Fever Clinic) မှာ လာရောက်တဲ့ လူနာနည်းတဲ့အတွက် ၂၀၂၀ခုနှစ် သြဂုတ်လအကုန်မှာ ပိတ်မယ်လို့ သိရပါတယ်။
Fever Clinic (ဖီဗာကလင်းနစ်) ကို လာပြသူနည်းတာက ဆေးခန်းဖွင့်ထားကို သိသူနည်းတာအပြင် ဓာတ်ခွဲစစ်ဆေးခံရမယ်၊ quarantine ဝင်ရမယ်ထင်ပြီး ကြောက်လို့ မလာကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဆေးရုံဆေးခန်းသွားရတာထက် Fever Clinic မှာ ပြရတာပိုအဆင်ပြေတယ်လို့ ဆေးခန်းလာပြတဲ့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။
Fever Clinic ပိတ်လိုက်ပေမဲ့ ဆေးရုံမှာ အခမဲ့ စမ်းသပ်ကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့ ညပိုင်းအထိ COVID 19 အတည်ပြုလူနာ (၇၃၃)ဦးအထိ ရှိနေပြီဖြစ်ပေမဲ့ ကယားပြည်နယ်ဟာ အတည်ပြုလူနာ မရှိသေးတဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း