ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးစွဲသူများအတွက် ပြန်လည်ထူထောင်ရေး စခန်းဖွင့်လှစ်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြေ(၁၀)ဧကခန့် လှူဒါန်းသဖြင့် ဇွန်လကုန်တွင် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်း စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
“မူးယစ်ဆေးဖြတ်တာကတော့ အစိုးရအပိုင်းက လုပ်ပေးမှာပါ။ သူတို့တွေ မိုင်းကိုးဆေးဖြတ်စခန်းက ဆေးဖြတ်ပြီးသွားရင် ပြန်လည်ထူထောင်ရေးအတွက် ဦးကျဟေးက သန်လျင် သဘာဝတရားရိပ်သာ ဆရာတော်ကြီးကို လှူဒါန်းလိုက်တဲ့နေရာမှာ အဆောက်အဦးတွေ ဆောက်မှာပါ။ ဇွန်လအတွင်းမှာ ဆေးဖြတ်စခန်းဖွင့်မှာဆိုတော့ အဲဒါပြီးတာနဲ့ သူတို့တွေ ပြန်လည်ထူထောင်ရေး စတင်နိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟု မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်လုပ်ဆောင်နေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် သဘာဝတရားရိပ်သာ ဆရာတော်နှင့် မဇ္ဇျိမလူမှုကူညီရေးအဖွဲ့က ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆေးဖြတ်လူနာများပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ရန်အတွက် တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးကျဟေးက မြေ (၁၀)ဧကခန့်အား ဇွန်လ (၁)ရက်နေ့တွင် လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးစွဲကာ အိမ်ရာမဲ့ နေထိုင်သူများအား ဆေးဖြတ်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် မဇ္ဈိမလူမှုကူညီရေးအသင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဇန်နဝါရီလ (၁၀)ရက်နေ့မှ ဇန်နဝါရီလကုန်အထိ စာရင်းကောက်ယူထားပြီး မူးယစ်ဆေးစွဲသူ(၁၂၅)ဦး၏ အမည်စာရင်းအား ပြည်နယ်အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ခရိုင်မြို့ကြီး(၇)မြို့တွင် မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်စခန်းများတွင် ပို့ဆောင် ဆေးဖြတ်ပေးရန် ပြည်နယ်အစိုးရက အစီအစဉ်ဖြင့် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပြီးပါက ပြန်လည်ထူထောင်ရေးကာလတွင် အလုပ်အကိုင်ပေးနိုင်ရေး၊ နေရပ်ပြန်နိုင်ရေးကိစ္စများကိုလည်း ဆောင်ရွက်ပေးသွားရန်လည်း စီစဉ်နေကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်