မူးယစ်ဆေးရောင်းချကြောင်း သတင်းအရ ဝင်ဖမ်းရာမှ အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာတွင် မူးယစ်ဆေးရောင်းချကြောင်း သတင်းရသည့်နေအိမ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့အကူး၌ သက်ဆိုင်ရာများနှင့် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ခွဲ(၁)စု(၃)တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ဖြင့် စောင့်ဆိုင်းဖမ်းဆီးရာ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ဖမ်းမိကြောင်း သိရသည်။
ပန်ပေါင်းကျေးရွာရှိ ဒေါ်ခမ်းမှတ်၏ နေအိမ်ဝန်းကျင်တွင် နိုဝင်ဘာလ (၂)ရက်နေ့ ညပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် စောင့်ဆိုင်းနေစဉ် နိုဝင်ဘာလ (၃)ရက်နေ့အကူးအချိန်၌ အမျိုးသမီးတစ်ဦး အထုပ်တစ်ထုပ်ဖြင့်ဝင်သွားသည်ကို တွေ့ရသဖြင့် ဝင်ရောက်ဖမ်းဆီးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဒေါ်ခမ်းမှတ်၏ နေအိမ်ခြံဝန်းအတွင်း ရှာဖွေရာ အဆိုပါနေအိမ်အတွင်း အထုပ်တစ်ထုပ်ဖြင့် ဝင်သွားသည့် အသက် (၄၅)နှစ်အရွယ် ဒေါ်အေးနော်ဆိုသူကို နေအိမ်အနောက်ဘက်ရှိ အမှိုက်ပုံအနီး၌ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အေးနော်အား ရှာဖွေရာတွင် ၎င်းကိုင်ထားသည့် အနက်ရောင်ကျွပ်ကျွပ်အိတ်အတွင်းရှိ ဂျပ်ဖာထဲမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို တွေ့ရသဖြင့် လွယ်ခေါ်ကျေးရွာရှိ ဒေါ်အေးနော်၏ နေအိမ်အား ဆက်လက်ရှာဖွေရာတွင်လည်း မူးယစ်ဆေးဝါးအချို့ ထပ်မံဖမ်းဆီးရမိသဖြင့် စုစုပေါင်း ဘိန်းဖြူ (၁၅၉) ဂရမ်နှင့် စိတ်ကြွဆေးပြား (၄၉၅၅)ပြားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အေးနော်အား ကျောက်မဲမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်