မလေးရှားပိုင်နက် ရေပြင်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ်အတွင်း ရေလမ်းကြောင်းတွင် ဖမ်းမိ
မလေးရှားရေပြင်သို့ အိုက်စ်မူးယစ်ဆေး (၁၃၈၀)ကီလို ပို့ဆောင်မည့် စက်လှေတစ်စီးကို ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့အနီးရေပြင်၌ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းမိထားကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သြဂုတ်လ (၁၈)ရက်နေ့၌ သတင်းထုတ်ပြန်သည်။
ကျိန္တလီမြို့နှင့် (၂) မိုင်ခန့်အကွာ မောင်းဒေါက်ချောင်းဝအနီးတွင် ကျောက်ချထားသည့် စက်လှေတစ်စီးအား ဩဂုတ်လ (၁၆) ရက်နေ့ နေ့လယ် (၁) နာရီခွဲအချိန်ခန့်တွင် ကျိန္တလီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ စက်လှေပေါ်မှ အမျိုးသား (၅ ) ဦးရေထဲခုန်ချထွက်ပြေးသွားပြီး မူးယစ်ဆေးဝါးများကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထွက်ပြေးသွားသူများအား ရှာဖွေဖမ်းဆီးရာ ကျိန္တလီမြို့တွင်းနှင့် သံတွဲ - ကျိန္တလီသွားကားလမ်းမပေါ်တွင် သြဂုတ်လ (၁၆)ရက်နေ့ ညနေ ၅ နာရီဝန်းကျင်၌ ဟွန်ဒိုင်းလိုက်ထရပ် အမျိုးအစားယာဉ်ပေါ်မှ အသက် (၁၉)နှစ်အရွယ် ကျော်မိုးဆွေ၊ အသက် (၂၇)နှစ်အရွယ် ဖြိုးမင်းအောင်၊ အသက် (၂၉)နှစ်အရွယ် စန်းလင်းနှင့် အသက် (၄၁)နှစ်အရွယ် ထွန်းထွန်းဝင်းတို့အား ဖမ်းဆီးရမိပြီးနောက် ဩဂုတ်လ (၁၇) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က ဂွမြို့နယ်၊ စမ်းချောင်းကျေးရွာအနီး၌ အသက် (၄၂)နှစ်အရွယ် မောင်ပု(ခ)လှငွေအား ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့က သံတွဲမြို့နယ်၊ ကင်းမော်ရွာအနီးရေပြင်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အခြားစက်လှေတစ်စီးပေါ်မှ ယခုဖမ်းဆီးရမိသည့် စက်လှေပေါ်သို့ မူးယစ်ဆေးဝါးများ လွှဲပြောင်းတင်ဆောင်ခဲ့ကာ ထွန်းထွန်းဝင်းက တာဝန်ခံ သယ်ဆောင်လာပြီး မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံကြားရှိရေပြင်သို့ပို့ဆောင်ရန် ထွက်ခွာလာစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နမ့်စန်မြို့နယ်မှ အိုက်စ်မူးယစ်ဆေး (၉၉၉ ဒဿမ ၈) ကီလိုကို ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှ တစ်ဆင့် ရေလမ်းဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသို့ပို့ဆောင်ရန် စီစဉ်နေစဉ် ဇူလိုင်လ (၃၁)ရက်နေ့က ဖမ်းမိထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - မူးယစ်တပ်ဖွဲ့