မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ (၁.၉၅) သန်းပေးအပ်မည်

မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ (၁.၉၅) သန်းပေးအပ်မည်
ဇူလိုင် 22, 2020
By Tachileik News Agency

မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ (၁.၉၅) သန်းပေးအပ်မည်

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှုလျော့ချနိုင်ရန်(သို့မဟုတ်) ကာကွယ်တားဆီးနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားချင်းစာနာမှုအကူအညီမှတစ်ဆင့် အမေရိကန်ဒေါ်လာ (၁.၉၅) သန်း ပေးအပ်မည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့တွင် အမေရိကန်သံရုံးက တရားဝင်သတင်းထုတ်ပြန်ထားသည်။

“အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဗဟို(CDC) ကတစ်ဆင့် အမေရိကန်အစိုးရ အကူအညီ နောက်ထပ် ဒေါ်လာ (၁.၉၅) သန်း ပေးအပ်မှာဖြစ်တဲ့အကြောင်း ဒီကနေ့ ကျွန်တော် ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုပါတယ်။ အခုပေးအပ်တာနဲ့ဆိုရင် COVID-19 တုံ့ပြန် ဆောင်ရွက်ရေးအတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါလ ကစပြီး အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံကို ပေးအပ်ခဲ့တာ စုစုပေါင်း ဒေါ်လာ (၁၈.၅) သန်း ရှိသွားပြီ ဖြစ်ပါတယ်” ဟု သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီက ပြောသည်။

ရန်ပုံငွေအသစ်သည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ‌(USAID) မှ ဒေါ်လာ( ၁၄.၃) သန်းအပါအဝင် အမေရိကန်အစိုးရ၏ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုရန်ပုံငွေ ဒေါ်လာ (၁၆.၅) သန်းအပေါ် ထပ်မံအားဖြည့်ခြင်းဖြစ်ပြီး COVID-19 ကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံသားများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

“COVID-19 တုံ့ပြန်ဆောင်ရွက်ရေး အမေရိကန်အကူအညီတွေကနေပြီး သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ အတွက် တိုက်ရိုက်အကျိုးရှိစေပါတယ်။ ဒီအကူအညီတွေကနေပြီး IDP စခန်းတွေက ချို့တဲ့သူတွေနဲ့ ထိခိုက်ခံစားရ လွယ်တဲ့သူတွေ၊ ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေ၊ တိုင်းရင်းသားပြည်သူတွေ၊ ပဋိပက္ခ ဘေးသင့်အရပ်က ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ရေနဲ့သန့်ရှင်းရေး အထောက် အကူပြုပစ္စည်းတွေ၊ လူမှုရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုတွေ ရောက်ရှိစေဖို့ အထူး အာရုံစိုက်ပါတယ်” ဟု USAID မှ ဌာနညွှန်ကြားရေးမှူးဖြစ်သူ ထရီဆာမက်ဂီ ကပြောသည်။

အဆိုပါ ကူညီထောက်ပံ့ငွေများမှာ COVID-19 ကူးစက်မှုခြေရာခံခြင်း၊ အဖျားတိုင်းတာခြင်းများ အပါအဝင် ရပ်ရွာလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်များ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ပဋိပက္ခဘေးသင့်ရာ နေရာများမှ ကျန်းမာရေးဌာများကို ကူညီပံ့ပိုးနိုင်ရေးအတွက် ရည်ရွယ်ပေးအပ်ခဲ့ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း -ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~