အိန္ဒိယနိုင်ငံက ပြန်လာပြီး စောင့်ကြည့်လူနာသတ်မှတ်ထားသူ နှင့် ထိုင်းနိုင်ငံမှ နေရပ်ပြန်လာ၍ အသွားအလာ ကန့်သတ်ထားသူတို့တွင် COVID 19 ပိုးတွေ့ရသဖြင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၂၄၂)ဦး ရှိပြီဖြစ်သည်။
အိန္ဒိယနိုင်ငံမှ ပြန်လာသည့် အသက် (၅၈)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အသွားအလာကန့်သတ်ထားစဉ် ရောဂါလက္ခဏာများ ပြလာ၍ စောင့်ကြည့်လူနာသတ်မှတ်ကာ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် ကုသပေးနေပြီး ထိုင်းနိုင်ငံမှ ပြန်လာသည့် အသက် (၃၆)နှစ်အရွယ် အမျိုးသမီးမှာ သရက်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူဖြစ်ကြောင်း သိရသည်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန (DMR)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)တို့တွင် စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၂၀၀)ခုအား ဇွန်လ (၇)ရက်နေ့ညနေပိုင်းတွင် စစ်ဆေးထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၅၆) ဦးရှိပြီး ၎င်းတို့အနက် (၁၃၆) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ပြုထားပြီဖြစ်သည်။
Tachileik News Agency