မြန်မာနိုင်ငံတွင် COVID 19 ကာကွယ်ရေးတားမြစ်ချက်နှင့် ပန်ကြားချက်များအားလုံး ဇွန်လ (၁၅)ရက်အထိ ထပ်တိုး
မြန်မာနိုင်ငံတွင် COVID 19 ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်ချက်ကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ခုနှစ်၊ မေလ (၃၁)ရက်နေ့အထိ ထုတ်ပြန်ထားသည့် တားမြစ်ချက်၊ ပန်ကြားချက်များအားလုံးကို ဇွန်လ (၁၅)ရက်နေ့အထိ သက်တမ်းထပ်တိုးလိုက်သည်။
COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက မေလ (၂၈)ရက်နေ့စွဲဖြင့် အသိပေးကြေညာချက်တွင် ယခင်က မေလ (၃၁)ရက်နေ့အထိ ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ဇွန်လ (၁၅)ရက်နေ့အထိ ရက်တိုးသတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ထပ်တိုးလိုက်သည့်အထဲတွင် COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် လုပ်ငန်းအချို့အား စိစစ်လုပ်ကိုင်ခွင့်ပြုခြင်းအပါအဝင် ဖြေလျှော့ထားမှုများ မပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မေလ (၂၈)ရက်နေ့ ည (၈)နာရီအချိန် ထုတ်ပြန်ပြီးသည်အထိ စုစုပေါင်း အတည်ပြုလူနာ (၂၀၆)ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency