တာချီလိတ်မြို့တွင် ညဈေးမရောင်းချရန် တားမြစ်မိန့် မေလ(၃၁)ရက်နေ့အထိ ထပ်တိုး
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရှားနိုင်ရန် နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း ညဈေးအပါအဝင် လမ်းဘေးတစ်လျှောက် ညဈေးနှင့် ရွေ့လျားညဈေးအဖြစ် ရောင်းချနေသည့် ဆိုင်တန်းများကို ဖွင့်လှစ်ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်မိန့်အား မေလ(၃၁)ရက်နေ့အထိ ထပ်တိုးလိုက်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ရှမ်းရိုးမကွင်းအတွင်း နှင့် ကွင်းအပြင်ရှိ ညဈေး၊ ချစ်ကြည်ရေးတံတား(၁) နှင့်(၂) တစ်လျှောက်ရှိ ညဈေးသည်များ၊ တာချီလိတ်ရွှေတိဂုံရှိ ညဈေးများ နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်ရှိ ညဈေး နှင့် ရွေ့လျားညဈေးဆိုင်များအားလုံးအား ၂၀၂၀ခုနှစ် မေလ(၃၁)ရက်နေ့အထိ စည်ပင်သာယာရေးဌာနက ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ယင်းသို့ အမိန့်ထပ်တိုးလိုက်သည့်အတွက် ရှမ်းရိုးမကွင်းတွင် နံနက်ပိုင်း ယာယီဈေးအား မေလ(၃၁)ရက်နေ့အထိ ဆက်လက် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေးသည်များအနေဖြင့် စည်ပင်သာယာရေးဌာနမှ ယခင်မှတ်ထားသည့် စည်းကမ်းများအတိုင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့မှစ၍ ဧပြီလ(၃၀)ရက်နေ့အထိ ရောင်းချခြင်းများ မပြုလုပ်ရန် အသိပေးထားရာမှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပထမအကြိမ် ရက်ထပ်တိုးခြင်းအဖြစ် မေလ(၁၅)ရက်နေ့အထိ (၁၅)ရက် ထပ်တိုးလိုက်ခြင်း ဖြစ်ပြီး ထပ်မံ၍ ဒုတိယအကြိမ်အဖြစ် မေလ(၃၁)ရက်နေ့အထိ ရပ်ထပ်တိုးလိုက်ခြင်းသည် တာချီလိတ်မြို့ တစ်မြို့တည်း မဟုတ်ဘဲ ရှမ်းပြည်နယ်တစ်ခုလုံး ဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းများဖြင့် ယခင်ကတည်းက ဖွင့်လှစ်ထားသူများ အနေဖြင့် ရောင်းချခွင့်ရှိမည်ဖြစ်သော်လည်းစားသုံးသူများကို ပါဆယ်ဖြင့်သာ ရောင်းချရန်ကိုလည်း စည်ပင်သာယာရေးဌာနက အသိပေးထားရှိသည်။
တာချီလိတ်တွင် လူစုလူဝေး မဖြစ်ရန်အတွက် ဟင်းသီးဟင်းရွက် နှင့် သားငါးများကိုတော့ ကွင်းပြင်ကျယ်ဖြစ်သည့် ရှမ်းရိုးမကွင်းအတွင်း၌ နံနက်(၆)နာရီမှ နံနက်(၁၁)နာရီအထိ ရောင်းချပေးနေပြီး အလှကုန်နှင့်ကုန်ခြောက်ပစ္စည်းများကိုတော့ မြို့မဈေးတွင် ဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရသည်။
တာချီလိတ်တွင် ညမထွက်ရ အမိန့်ကိုလည်း မေလ(၁၅)ရက်နေ့က စတင်ကာ ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ မထွက်ရ ဖြေလျော့သည့် အမိန့်ကိုလည်း ထုတ်ပြန်ထားပြီး ညမထွက်ရ အမိန့်သည် ဇွန်လ(၂၂)ရက်နေ့အထိ အသက်ဝင်နေမည်ဖြစ်သည်။
Coronavirus Disease 2019 (COVID-19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် အများပြည်သူများသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ နှင့် ညွှန်ကြားချက်များအားလုံးကို မေလ(၃၁)ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ထားကြောင်း ပြည်ထောင်စုအဆင့် Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက မေလ(၁၄)ရက်နေ့က အသိပေးထားရှိသည့်အတွက် ယခုလို ညဈေးများ ဖွင့်ခွင့်မရှိ တားမြစ်မိန့်များကိုလည်း သတ်မှတ်ရက် ထပ်တိုးလိုက်ခြင်းလည်း ဖြစ်သည်။
Tachileik News Agency