တာချီလိတ်တွင် Covid-19 ကာလအတွင်း ဟိုတယ်(၈)လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား

တာချီလိတ်တွင် Covid-19 ကာလအတွင်း ဟိုတယ်(၈)လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား
မေ 25, 2020
By Tachileik News Agency
တာချီလိတ်တွင် Covid-19 ကာလအတွင်း ဟိုတယ်(၈)လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဟိုတယ် (၈)လုံး ၂၀၂၀ ခုနှစ်၊ မေလ (၂၅)ရက်နေ့မှစ၍ ဖွင့်လှစ်ခွင့်ရထားပြီး နောက်ထပ် ဖွင့်လှစ်လိုသည့် ဟိုတယ် (၆)လုံးကိုလည်း  ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ တာချီလိတ်ရုံးခွဲက စိစစ်တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

ဟိုတစ်နေ့က တင်ထားတဲ့ ဟိုတယ် (၈)လုံးကို ဒီနေ့ကစပြီး ဖွင့်လှစ်ခွင့်ပေးလိုက်ပါပြီ။ နောက်ထပ် ဟိုတယ် (၆)လုံးကိုလည်း ထပ်စစ်ပြီး ပြည်နယ်ကို တင်ထားပါတယ်။ စိစစ်တင်ပြတာ အချက်အလက်အားလုံး ပြည့်စုံတယ်၊ ကိုက်ညီတယ်ဆိုရင် ပြည်နယ်ကလည်း မြန်မြန်ဆန်ဆန် ခွင့်ပြုပေးနေပါတယ်

ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာကွယ်ရေးအတွက် လုပ်ငန်းများကို ယာယီပိတ်ထားရာမှ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဖွင့်လှစ်လုပ်ကိုင်လိုသည့် လုပ်ငန်းအချို့ကို ပြန်လည်လုပ်ကိုင်ခွင့်ပြုရာ၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများလည်း ပါဝင်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းမှ ပြန်လည်ဖွင့်လှစ်လိုသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို တာဝန်ရှိသူများက စစ်ဆေးတင်ပြချက်များအရ ပြည်နယ်အစိုးရက ပြန်လည်ဖွင့်လှစ်ခွင့်ပြုနေရာ တာချီလိတ်မြို့မှ ရွှေဘူးသီးဟိုတယ်၊ ဘိုင်းတောင်းဟိုတယ်၊ ရွိုင်ရယ်ရတနာဟိုတယ်၊ ရွှေစင် (၂)ဟိုတယ်၊ ရွှေရေကန်ဟိုတယ်၊ မဲခေါင်မြစ်ဟိုတယ်၊ ရွှေမိသားစုဟိုတယ်နှင့် မြလင်းပွင့်ဟိုတယ်တို့ ပြန်လည်ဖွင့်လှစ်ခွင့်ရလာခြင်းဖြစ်သည်။

တာချီလိတ်မြို့မှ ပြန်လည်ဖွင့်လှစ်လိုကြောင်း ဆက်လက် တင်ပြလာသည့် 1G1 7 Hotel၊ 1G1 8 Hotel၊ ဆင်ဖြူမင်းဟိုတယ်၊ လိုမာဟိုတယ်၊ Rose Myanmar Hotel နှင့် Golden Cherry Hotel တို့ကို တာဝန်ရှိသူများက စစ်ဆေးပြီး ပြည်နယ်အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

COVID 19 ကာကွယ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများကို အစိုးရက မေလ (၁၅) ရက်နေ့အထိ ပိတ်ထားရာမှ  ဖြေလျော့ပေးထားသည့် လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းများအားလုံးကို မေလ (၃၁)ရက်နေ့အထိ ထပ်တိုး ပိတ်ထားခြင်းဖြစ်သည်။

မေလ (၁၅)ရက်နေ့ နောက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ခွင့်ရသည့် လုပ်ငန်းများအနေဖြင့်လည်း COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာရမည့်အပြင် COVID 19 ကာကွယ်ရေးကာလအတွင်း ပြန်လည်ဖွင့်လှစ်မည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများတွင် လုပ်ငန်းခွင်အတွင်း ရောဂါကူးစက်မှုမရှိစေရေးအတွက် အချက် (၁၀)ချက်ကိုလည်း လိုက်နာရမည်ဖြစ်သည်။

Tachileik News Agency
သတင်း  - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~