ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ထုတ်ထားသည့် (၃)ရက်မြောက်နေ့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့ ည (၁၁)နာရီဝန်းကျင်တွင် အမိန့်ချိုးဖေါက်သူ (၄)ဦးကို ဖမ်းဆီးရမိ၍ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။
“ဒီနေ့က စုစုပေါင်း (၄)ယောက်မိတယ်။ အကုန်လုံးကို ရဲစခန်းပို့လိုက်ပြီ။ အမှုဖွင့်သွားမှာပါ”
ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၂)ရက်နေ့ ည (၁၁)နာရီကျော်တွင် ပြောသည်။
အဆိုပါ (၄)ဦးကို ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက်တို့၌ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
“နှစ်ယောက်ကတော့ ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့အဖွဲ့က ဖမ်းမိတာ။ ဝမ်ကောင်းရပ်ကွက်မှာ မိတာ။ တစ်ယောက်ကတော့ မကာဟိုခမ်းမှာ မိတာ။ ည (၁၁) နာရီဝန်းကျင်လောက်မှာ လမ်းပေါ်တွေ့တော့ ရဲစခန်းကို အပ်ထားခဲ့တယ်”
ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်စတင် သက်ဝင်သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့မှစပြီး ရပ်ကွက်များအလိုက် စောင့်ကြည့်စစ်ဆေးခြင်း၊ ကြီးကြပ်ရေးအဖွဲ့များက လိုက်လံစစ်ဆေးခြင်းများကို ညစဉ် (၁၀) နာရီမှစ၍ ဆောင်ရွက်နေခြင်းဖြစ်သည်။
အမိန့်စတင်သက်ဝင်သည့်နေ့တွင် ည (၁၀)နာရီထိုးသည်အထိ မပိတ်သေးသည့် ဆိုင်အချို့နှင့် လမ်းပေါ်တွင် သွားလာသူ အချို့ကို နောက်ဆုံးအနေဖြင့် သတိပေးခြင်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တာလေနှင့် ကျိုင်းလပ်အပါအဝင် တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့်စတင်သက်ဝင်သည့် ဧပြီလ (၂၀)ရက်နေ့မှ မေလ (၁၉)ရက်နေ့အထိ ကာလအတွင်း မလိုက်နာသူများကို ခြွင်းချက်မရှိ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးထားခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့ပေါ်တွင် ည (၁၀)နာရီမှ နံနက် (၄)နာရီအတွင်း သက်ဆိုင်ရာရပ်ကွက်များအလိုက် စစ်ဆေးမှုများကို လှည့်လည်ကြီးကြပ်မည့် အဖွဲ့ (၃)ဖွဲ့အား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ဦးစီးပြီး သက်ဆိုင်ရာဌာနအသီးသီးက ပူးပေါင်းပါဝင်ကြခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကိုဇင်