ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကုန်ကြမ်းရှားပါးမှုကြောင့် ဝက်သားဈေးနှုန်း တစ်ပိသာလျှင် ကျပ် (၁၅,၀၀၀) အထိ တိုးမြှင့်ရောင်းချနေရာမှ ၂၀၂၀ ခုနှစ်၊ မတ်လ (၆) ရက်နေ့မှစ၍ (၁၃,၀၀၀) ကျပ်သို့ ပြင်ဆင်လျှော့ချ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ထပ်ညှိနှိုင်းဖို့တော့ ရှိပါသေးတယ်။ ဝက်သားဈေး တည်ငြိမ်ဖို့ အဓိကပေါ့။ ဝက်ကုန်ကြမ်းက အခြေအနေ ကောင်းလာပြီ
ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ကျိုင်းတုံ)မှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၉)ရက်နေ့တွင် ပြောသည်။
ကျိုင်းတုံမြို့တွင် ဝက်ရောဂါများဖြစ်ပွားခဲ့ပြီးနောက် ဝက်ကုန်ကြမ်းရှားပါးခဲ့သဖြင့် ဝက်သားဈေးနှုန်းကို တစ်ပိဿလျှင် ကျပ် (၁၅,၀၀၀)အထိ တိုးမြှင့်ရောင်းချခြင်းကို ခွင့်ပြုခဲ့ရခြင်းဖြစ်ရာ လက်ရှိအချိန်တွင် ကုန်ကြမ်းပြန်လည်ရလာပြီဖြစ်၍ ဈေးနှုန်းလျှော့ချနိုင်ရေးအတွက် ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနာများမှ တာဝန်ရှိသူများ၊ ဝက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် ဝက်သားထုတ်လုပ်ရောင်းချသူများ ၂၀၂၀ ခုနှစ် မတ်လ (၆) ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝက်ကုန်ကြမ်းတွေ ရှားပါးတုန်းက ဖြစ်လာတဲ့ ကုန်ကြမ်းဈေးနှုန်းပေါ်မူတည်ပြီး အသားဈေးနှုန်းကို ကျပ် (၁၅,၀၀၀) ဆိုပြီး ယာယီ သတ်မှတ်ထားတာ။ လက်ရှိ ဝက်ကုန်ကြမ်းက ရှားပါးနေတယ်ဆိုပေမဲ့ အတိုင်းအတာတစ်ခုထိ ဝယ်လို့ရတာ ဖြစ်နေတဲ့အတွက် အသားဈေးကို (၁၃,၀၀၀) အထိ ပြန်လည်လျှော့ချ သတ်မှတ်လိုက်တာပေါ့။ ဝက်ကုန်ကြမ်းတွေ ထပ်ရမယ်။ အဆင်ပြေရင် ဒီထက်ထပ်လျှော့မှာပေါ့
ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံမြို့အတွင်း ဝက်ကုန်ကြမ်းရှားပါးလာမှုကြောင့် ဝက်သားဈေးနှုန်း တစ်ပိသာ ကျပ် (၂၀,၀၀၀) ခန့်အထိဖြစ်ပေါ်လာသဖြင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဝက်သားထုတ်လုပ်ရောင်းချသူများ တွေ့ဆုံပြီး တစ်ပိသာ ကျပ် (၁၅,၀၀၀) သတ်မှတ်ခဲ့ပြီးနောက် ဈေးနှုန်းများထပ်မံလျော့ချနိုင်ရေးအတွက် ထပ်မံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်