ကိုရိုနာဗိုင်းရပ်စ် (COVID - 19) ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မြန်မာ - ထိုင်းနယ်စပ်ဂိတ်အားလုံး ပိတ်ထားစဉ်ကာလအတွင်း နယ်စပ်ချောင်းမှ တရားမဝင်ဖြတ်သန်းသွားလာမှုများ မပြုလုပ်ရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားကြရန် မြို့နယ်စီမံခန့်ခွဲရေးကော်မတီက ချောင်းဘေးတစ်လျှောက် လုံခြုံရေးတာဝန်ယူထားသည့် ရပ်ကွက်အလိုက်ပြည်သူ့စစ်ဆေးများနှင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်တွန်းထားသည်။
"နယ်စပ်တစ်လျှောက် ဝင်လာနိုင်တဲ့လမ်းကြောင်းတွေရှိပါတယ်။ ပုန်းထွန်၊ တာလော့၊ ဆန်ဆိုင်း၊ မကာဟိုခမ်း ဟိုဘက်ဆက်သွားရင် မယ်ခေါင်၊ ရန်အောင်မြေ၊ ပါခုတ်ဘက်ခြမ်း၊ မိုင်းဖုန်း(က) (ခ) တွေအထိ ချောင်းတစ်လျှောက်လုံးမှာ အဝင်အထွက်တွေကို ရပ်ကွက်၊ ဆယ်အိမ်မှူးတွေနဲ့ လိုက်စစ်မှာပါ။ ပြည်သူ့စစ်ဂိတ်တွေကိုလည်း စစ်ဗျူဟာကတစ်ဆင့် ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒီဟာတွေကို ပေးဝင်တာတွေ မလုပ်ဖို့ပေါ့နော်။ နောက်ပြီးတော့ ဒီလိုခိုးဝင်လာတာတွေ့ရင်လည်း ပြည်သူတွေအနေနဲ့ သတင်းပေးကြပါ။ ဆယ်အိမ်မှူးတွေအနေနဲ့ စစ်ဆေးပေးဖို့ ရဲတပ်ဖွဲ့တွေနဲ့ ပေါင်းစပ်ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို မှာကြားပြီးဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ဘက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)စင်းလုံးကို ထိုင်းနိုင်ငံဘက်က ပိတ်ထားလိုက်ပြီး လူအဝင်အထွက်ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားပြီး ထိုင်းနိုင်ငံဘက်မှ ကုန်စည်တင်ပို့မှုကိုသာ တံတား (၂)မှ ခွင့်ပြုထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ လူအဝင်အထွက်ပိတ်ထားစဉ်ကာလအတွင်း မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းကို ဖြတ်ကူးကာ သွားလာတတ်သူများရှိသဖြင့် မြန်မာဘက်မှ စစ်ဆေးမှုများ ပြုလုပ်မည့်အပြင် ထိုင်းနိုင်ငံဘက်ကလည်း ခိုးဝင်သူများအား ဖမ်းဆီးမည်ဖြစ်ကြောင်း ပြောကြားထားခြင်းဖြစ်သည်။
မယ်ဆိုင်ချောင်းများမှ တဆင့် တာချီလိတ်သို့ ခိုးဝင်လာသူများတွေ့ရှိရပါက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဖုန်း 09 428 219 995 သို့ ဆက်သွယ်တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း