ကယားပြည်နယ်တွင်းရှိ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှုများပြားသည့် အထင်ကရနေရာ (၁၀)ခုအား ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့မှစ၍ ဧပြီလကုန်ထိ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်နိုင်ရန် ပြည်တွင်းပြည်ပခရီးသွားများ ဝင်ထွက်သွားလာမှုများပြားပြီး လူစူလူဝေးများပြားလေ့ရှိသည့် ကယားပြည်နယ်တွင်းရှိ အထင်ရနေရာ(၁၀)ခုအား ဧပြီလကုန်ထိ ပိတ်သိမ်းထားမည် ဖြစ်ကြောင်း မတ်လ (၃၀)ရက်နေ့ကကယားပြည်နယ် အစိုးရမှ ထုတ်ပြန်ထားသည်။
ကယားပြည်နယ်တွင်း ပြည်တွင်းပြည်ပ ခရီးသွားအများအပြားလာရောက်လေ့ရှိသည့် လွိုင်ကော်မြို့နယ်တွင်းမှ ထီးစဲခါးရေတံခွန် ၊ကြတ်ဂူ ၊ ဒီးမော့ဆိုမြို့နယ်တွင်းမှ ငွေတောင်ဆည် ၊ ထီးပွင့်ကန် ၊ကန်ခုနှစ်ဆင့် ၊ ပန်ပက်ကျေးရွာ ၊တနီးလာလဲကျေးရွာ ၊ ကွိုင်ငံရေထွက်ပေါက် နှင့် ဖရူဆိုမြို့နယ်တွင်းမှ ထီပရူနူဂူ ၊ ဆင်ဖြူတောင် တို့အား ဧပြီလ (၃၀)ရက်နေ့ထိ သွားရောက်ခွင့်မပြုဘဲ ယာယီပိတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ နေရာများအား ပိတ်ထားရန် ကယားပြည်နယ်အစိုးရမှ မတ်လ (၃၀)ရက်နေ့တွင်ကြေညာခဲ့သော်လည်း အချို့နေရာများတွင် မတ်လ (၂၈) ရက်နေ့မှ စ၍ ဒေသခံများမှ ခရီးသွားများအား ဝင်ရောက်ခွင့်မပြုတော့ဘဲ ကြိုတင်ပိတ်ထားကြောင်း ထီးစဲခါးရေတံခွန်မှ ဈေးသည်တစ်ဦးကပြောသည်။
" အစိုးရကတော့ ဒီနေ့(မတ်လ၃၀) ညနေမှ စာထုတ်လိုက်တာပေါ့ ။ ဒီမှာကတော့ မနေ့ကတည်းက ပိတ်လိုက်ပြီ။ ဆိုင်တွေလည်း မရောင်းတော့ဘူး ။ ရေတံခွန်ကိုလည်း ဒီကဒေသခံတွေက အပြင်လူတွေပေးမဝင်တော့ဘူး ။ မနေ့ကတည်းက ပိတ်ထားတယ်"ဟု ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အားကြိုတင်ကာကွယ်နိုင်ရန် လူစုလူဝေး များပြားသည့် နေရာများအား သွားလာခြင်းမပြုဘဲ ပိတ်သိမ်းခြင်းဖြစ်ပြီး တိကျစွာလိုက်နာကြရန် ပြည်နယ်အစိုးမှ တိုက်တွန်းထားသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း