မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID - 19) ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်နိုင်ရန် KTV နှင့် CLUB များကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့၌ ပိတ်ထားကြရတော့မည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားသည်။
အစိုးရအဖွဲ့က မနေ့က (၂)နာရီမှာ အစည်းအဝေးလုပ်တာ။ အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်တာဗျ။ ဒီနေ့မနက်မှာ ခရိုင်အုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို ညွှန်ကြားလာလို့ ကျွန်တော်က ရပ်ကျေးတွေက တစ်ဆင့် ပြောထားပါတယ်ခင်ဗျ။ KTV တွေ၊ CLUB တွေ အားလုံးပိတ်ဖို့ပါ
ဟု တာချီလိတ်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံနှင့် ကူးလူးဆက်ဆံမှုအများဆုံးဒေသဖြစ်သည့် တာချီလိတ်တွင် မတ်လ (၁၆)ရက်နေ့မှ (၂၅)ရက်နေ့အထိ စောင့်ကြည့်လူနာ (၁၇)ဦးနှင့် (၁၄)ရက်သီးခြားစောင့်ကြည့်ထားသူ (၈၀)ဦးတို့အနက် စောင့်ကြည့်လူနာ (၃)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိထားပြီးဖြစ်သည်။
ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကာကွယ်ရေးအတွက် နိုင်ငံရပ်ခြားမှ ပြန်လာသူများအနေဖြင့် မိမိတို့နေအိမ်တွင် မိသားစုများ၊ အခြားလူများဖြင့် ထိတွေ့မှုမရှိဘဲ (၁၄)ရက် သီးခြားနေထိုင်ရန်နှင့် ထူးခြားမှုရှိပါက ကျန်းမာရေးဌာနသို့မဟုတ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ဆက်သွယ်အသိပေးရန်ကိုလည်း အသိပေးထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မတ်လ (၂၄)ရက်နေ့အထိ စောင့်ကြည့်လူနာ (၂၃၅)ဦးနှင့် သံသယလူနာ (၂)ဦးတို့တွင် အတည်ပြုလူနာ (၃)ဦး၊ ပိုးမတွေ့သူ (၂၁၀)ဦးရှိပြီး ကျန်လူနာများမှာ ဓါတ်ခွဲအဖြေစောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်