ကယားပြည်နယ်အတွင်း လေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အတွက် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးမှုများကို နေ့စဉ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းပြည်ပ ခရီးသည်များ အများဆုံး ဝင်ရောက်လေ့ရှိသည့် လွိုင်ကော်လေဆိပ်နှင့် မြန်မာ - ထိုင်းနယ်စပ် ဝင်ထွက်ပေါက်များဖြစ်သည့် ရှားတောမြို့နှင့် မယ်စဲ့မြို့နယ် ဘီပီ (၁၃) နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ အဖျားစစ်ဆေးခြင်းများ နေ့စဉ်လုပ်ဆောင်နေကြောင်း ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လေဆိပ်မှာ စစ်တယ်။ ပြီးတော့ နယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ ရှားတောမှာ စစ်တယ်။ မယ်စဲ့မှာ စစ်တယ်။ ကျွန်တော်တို့ နေ့တိုင်းလိုလို စစ်ပါတယ်။ လေဆိပ်မှာတော့ ဘာမှမတွေ့ဘူးပေါ့။ ရှားတောနယ်စပ်ဝင်ပေါက် မှာတော့ သံသယရှိတဲ့လူနာ တစ်ယောက်ပဲ ရှိသေးတယ်။ တစ်ခြားနိုင်ငံခြားသား တရုတ်တွေဘာတွေ ဝင်လာရင်လည်း သူတို့ကို ဘယ်မှပေးမသွားဘဲ အိမ်မှာပဲနေခိုင်းပြီး နေ့တိုင်းသွားစစ်တာတွေ လုပ်ပါတယ်။ နေ့တိုင်းလည်းဆက်ပြီး စစ်ဆေးတာတွေ လုပ်နေမှာပါ
ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ် ရှားတောမြို့ မြန်မာ - ထိုင်းနယ်စပ်ဝင်ပေါက်မှ မတ်လ (၉)ရက်နေ့တွင် ပြန်လည် ဝင်ရောက်လာသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် စစ်ဆေးတွေ့ရှိခဲ့သောကြောင့် လွိုင်ကော်ဆေးရုံကြီးတွင် စောင့်ကြည့်ကုသနေပြီး ဓါတ်ခွဲခန်းအဖြေထွက်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူနှင့် အနီးကပ်ရှိခဲ့သူများ၊ အဆိုပါကူးစက်ရောဂါပြန့်ပွားမှုများပြားသောနေရာဒေသမှ ပြည်တွင်းသို့ ရောက်ရှိလာသူများနှင့် ရောဂါလက္ခဏာ သံသယရှိသူများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ သတင်းပေးပို့ကြရန် လွိုင်ကော်မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးတိုက်တွန်းထားသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း