တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအား မတ်လ(၂၃)ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်အခြေအနေကြောင့် ထိုင်းနိုင်ငံဘက်က ပိတ်မည်ဖြစ်သည့်အတွက် မတ်လ(၂၂)ရက်နေ့တွင် တာချီလိတ်မှ တစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားရောက်ကာ ကုန်ပစ္စည်းဝယ်ယူသူများနှင့် ထိုင်းနိုင်ငံအတွင်းမှ ပြန်လာသူများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ချစ်ကြည်ရေးတံတား(၁)ပေါ်တွင် ကျန်းမာရေးဌာနနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့နှင့် ရှမ်းရှေ့ Myanmar Health CSO network တို့က ပူးပေါင်းကာ စစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
မတ်လ(၂၃)ရက်နေ့တွင် ချစ်ကြည်ရေးတံတား(၁)ပိတ်မည်ဖြစ်သည့်အတွက် တာချီလိတ်ဒေသ နေသူများမှ မယ်ဆိုင်ဘက်သို့ နံနက်(၆)နာရီကတည်းက သွားရောက်ကာ ကုန်ပစ္စည်းများ ဝယ်ယူနေကြသည့်အတွက် အပြန်တွင် ကိုယ်ပူရှိန်မြင့်တက်လာနိုင်ခြင်း ရှိမရှိကိုပါ အဓိက ထားစစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရသည်။
တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နေ့စဉ် တံတားဖွင့်ချိန်များတွင် အချိန်ပြည့် အလှည့်ကျ အင်အားများဖြင့် စစ်ဆေးမှုများကို အရပ်ဖက်အဖွဲ့အစည်းများဖြင့် ဆောင်ရွက်သွားရန်အတွက် မတ်လ(၂၀)ရက်နေ့က တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက စီစဉ်ထားသော်လည်း မတ်လ(၂၃)ရက်နေ့တွင် တံတား(၁)အား ယာယီပိတ်မည်ဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုဇောင်း