ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်နေသည့် လူနာ မိသားစု (၄) ဦးမှာ ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း ဓါတ်ခွဲခန်းအဖြေရပြီဖြစ်၍ နေရပ်ကျေးရွာတွင် ခွဲခြား ဆက်ဆံခံရခြင်း မဖြစ်စေရန် ကျန်းမာရေးဌာနက လိုအပ်သည်များ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက မောက်မယ်ပြည်သူ့ဆေးရုံသို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့၌ သွားရောက်ပြီး လူနာမိသားစု၊ သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ လိုအပ်သည်များ ဆောင်ရွက်ပေးကြောင်း သိရသည်။
ဒီနေ့ ကျွန်တော်က မောက်မယ်ဘက်သွားတာက မြေပြင်မှာ တကယ်လုပ်နေတဲ့သူတွေ ဘာတွေ လိုအပ်ချက် ရှိနေလဲ လိုအပ်တာတွေ ဖြည့်ဆည်းဖို့ကိစ္စနဲ့ သွားတာပါ။ လမ်းမှာပဲ မနက် (၉)နာရီလောက်မှာ ဓါတ်ခွဲခန်း အဖြေရတာနဲ့ သူတို့ကိုလည်း သတင်းကောင်းပါးရင်း သူတို့မပြန်ခင် Counselling (နှစ်သိမ့်ဆွေးနွေး အကြံပေး) ပိုင်းက ဘာလုပ်ပေးရမလဲဆိုတာ တစ်ခါထဲ မှာတာပေါ့။ သူတို့ပြန်သွားရင် သူတို့ရွာကနေ သီးခြားဖယ်တာလိုမျိုး လုပ်မှာစိုးလို့ ရွာအထိ လိုက်အပ်ပေးဖို့ ကျန်းမာရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို မှာထားတယ်။ သူတို့ကို သံသယဖြစ်လို့ ဆေးရုံခေါ်ထားတာ၊ သူတို့အခု ကျန်းကျန်းမာမာ ဖြစ်သွားပြီ၊ သူတို့မှာ ဘာရောဂါမှလည်း မရှိဘူးဆိုတာ ရွာကိုပြောပြပေးဖို့နဲ့ သူတို့အနေနဲ့ ဘာလုပ်ရမယ်ဆိုတာကိုပါ ကျန်းမာရေးအသိပေးတာ လုပ်လိုက်တာပါ
ဟု ပြည်နယ်အဆင့် အဆုတ်ရောင် ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ် သတင်းအေဂျင်စီသို့ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် ပြောသည်။
မောက်မယ်မြို့နယ်တွင် တရုတ်နိုင်ငံ ရွှေလီမှ ပြန်လာသည့် ညီအစ်မ(၂)ဦးနှင့် အတူနေ မိခင်၊ ဖခင်တို့ ဖျားနာနေသဖြင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်ရန် မောက်မယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၌ ထားရှိ ကုသပေးနေခဲ့ရာ အဆိုပါမိသားစုမှ ကလေးငယ် (၃)ဦးကိုပါ ဆေးရုံသို့ ခေါ်ဆောင်ထားရခြင်းဖြစ်ကြောင်း သိရသည်။
မိသားစုထဲမှာ (၄)ယောက် ဖျားတာ။ (၃)ယောက်က ကလေးတွေဆိုတော့ ခေါ်ထားရတာ။ မနက်ဖြန်တော့ သူတို့ကို ပေးပြန်မှာပါ။ ဒီနေ့ကတော့ သူတို့ဖျားတာကို ဆေးပတ်လည်အောင် ကုပေးဖို့ လိုနေသေးလို့။ သူတို့ပြန်ရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာမှူးတို့က တစ်ခါထဲ လိုက်ပို့ ပေးလိမ့်မယ်။ ကျွန်တော်ကတော့ သူတို့မိသားစု အိမ်ပြန်ရင် ဆန်၊ဆီ၊ဆား လိုအပ်တာဝယ်ဖို့ တစ်သိန်း ကူညီပေးလိုက်တယ်။ ဆေးရုံလာတာကလည်း တစ်ပတ်ကျော်ပြီဆိုတော့ ဆေးရုံကပြန် စားစရာမရှိ ဖြစ်မှာစိုးလို့
ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID 19) သံသယဖြင့် ဓါတ်ခွဲနမူနာပို့စစ်ထားသူများမှ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ ညနေပိုင်းအထိ ဓါတ်ခွဲအဖြေရရှိပြီးသူ (၅) ဦးလုံးမှာ ဗိုင်းရပ်စ်မတွေ့ရကြောင်း အဖြေထွက်ရှိ၍ ဆေးရုံဆင်းခွင့်ရထားပြီး ဓါတ်ခွဲနမူနာစောင့်ဆိုင်းဆဲ လူနာ (၃)ဦးကျန်နေခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ကြောင်း ဓါတ်ခွဲအဖြေရလူနာများ ဆေးရုံဆင်းချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ ဆွေးနွေးပေးခြင်းနှင့် မိမိတို့နေရပ်ဒေသတွင် စိုးရိမ်စိတ်များကြောင့် ခွဲခြားဆက်ဆံခံရမှု မရှိစေရေးအတွက် ကျန်းမာရေးဦးစီးဌာနက လိုအပ်သည်များ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ရည်ညွှန်းဓါတ်ခွဲခန်းသို့ မြန်မာနိုင်ငံမှ ဓါတ်ခွဲနမူနာပို့စစ်ထားသည့် လူနာများအနက် (၁၃)ဦး၏ ဓါတ်ခွဲအဖြေကို ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ ညနေပိုင်းက ပြန်လည် ပေးပို့လာရာတွင် ရှမ်းပြည်နယ်အတွင်းမှ ဓါတ်ခွဲနမူနာပို့စစ်ထားသည့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ လူနာ (၁)ဦးနှင့် မောက်မယ်ဆေးရုံမှ လူနာ (၄)ဦးပါဝင်လာခြင်းဖြစ်သည်။
မောက်မယ်ပြည်သူ့ဆေးရုံ သီးသန့်ခန်းတွင် ထားရှိသည့်လူနာမိသားစုအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ မြို့နယ်ဆရာဝန် ဒေါက်တာဒေါ်မြမြသန်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - မောက်မယ်ပြန်ဆက်၊ sai yaw