တာချီလိတ် မဟာမြတ်မုနိကျောင်းတွင် အသည်းရောင် B ပိုးကာကွယ်ဆေး ဒုတိယအကြိမ် အခမဲ့ထိုးနှံပေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နှင့် (၂၀)ရက်နေ့များ၌ မကာဟိုခမ်း ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဝန်းအတွင်း ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်သည်။
"တစ်ရက် လူဦးရေ(၅၀၀) စီ ထပ်ထိုးပေးမှာပေါ့။ မဟာမုနိကျောင်းတိုက်ထဲမှာပဲ။ အစာအိမ်အူလမ်းကြောင်းနဲ့ အသည်းဖောင်ဒေးရှင်းက ပထမအကြိမ် ကာကွယ်ဆေးထိုးထားတဲ့သူတွေကို ပြန်ထိုးပေးမှာ။ အသစ်တွေတော့ ထပ်ထိုးမပေးဘူး"ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မဟာမြတ်မုနိကျောင်းတိုက်ဝန်းတွင် အောက်တိုဘာ (၂၀) ရက်နေ့နှင့် (၂၁) ရက်နေ့များက အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စစ်ဆေးထိုးနှံပြီးသူများအနေဖြင့် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးမည့် နိုဝင်ဘာလ (၁၉) ရက်နှင့် (၂၀) ရက်နေ့များ၌ ပထမအကြိမ်က ကာကွယ်ဆေးထိုးမှတ်တမ်း ယူဆောင်လာရန် လိုအပ်မည်ဖြစ်သည်။
အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) က တာချီလိတ် မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် အောက်တိုဘာလအတွင်းက လူဦးရေ (၅၀၀) ကို အသည်းရောင် B ပိုး၊ C ပိုး စစ်ဆေးခြင်းနှင့် လိုအပ်သူများကို ကာကွယ်ဆေးထိုးပေးခြင်းအား အခမဲ့ ဆောင်ရွက်ပေးခဲ့ရာ ဒေသတွင်းမှ အလှူရှင်များက ပါဝင်လှူဒါန်းမှုဖြင့် လူဦးရေ (၁၀၀၀)အထိ စစ်ဆေးပေးနိုင်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်
ဆက်စပ်သတင်း
- တာချီလိတ်တွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)က အသည်းရောဂါအကြောင်း ဟောပြောဆွေးနွေး
- တာချီလိတ်တွင် အသည်းရောင် ဘီနှင့်စီပိုး အခမဲ့ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်တွင် တပ်မတော်ဆေးကုသရေးအဖွဲ့မှ လာရောက်ကူညီ
- တာချီလိတ်တွင် အသည်းရောင် ဘီနှင့်စီပိုး အခမဲ့ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးပေးမည့်ဦးရေ (၁၀၀၀)အထိ ထပ်တိုးဆောင်ရွက်ပေးမည်
- တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်တွင် အောက်တိုဘာလ (၂၁)နှင့် (၂၂)ရက်နေ့များ၌ အသည်းရောင်ဘီနှင့်စီပိုး စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း အခမဲ့ဆောင်ရွက်ပေးမည်