****************
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် မယ်ဖါးလုံနှင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးကြားပျံသန်းမည့် လေကြောင်းခရီးစဉ်သစ်ကို စီစဉ်နေကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့တွင် ထိုင်းကုန်သည်များအသင်း ဒုဥက္ကဌက ထုတ်ဖေါ်ပြောကြားလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖေါ်ပြထားသည်။
ချင်းရိုင်းခရိုင်၏ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေးအတွက် ချင်းရိုင်းခရိုင်ရှိ မယ့်ဖါးလုံနိုင်ငံတကာလေဆိပ်မှ တရုတ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့ကြား လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းထုတ်ကုန်များ၏ အဓိကဈေးကွက်တစ်ခုလည်းဖြစ်သည့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်နှင့် တိုက်ရိုက လေကြောင်းပျံသန်းခြင်းဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ဆေးကုသမှုအပါအဝင် ကုန်သွယ်ရေးနှင့် ခရီးသွားများ တိုးမြှင့်လိုက်ခြင်းဖြင့် ချင်းရိုင်းဒေသ၏စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်နှင့် လေကြောင်းပျံသန်းရေးအတွက် ကနဦးလေ့လာချက်များအရ လေကြောင်းခရီးစဉ်ကို တာချီလိတ်လေဆိပ်သို့ ပြေးဆွဲပျံသန်းခြင်းထက် တောင်ကြီးမြို့ရှိ ဟဲဟိုးလေဆိပ်သို့ ပြေးဆွဲပျံသန်းခြင်းက ပိုမိုသင့်တော်သဖြင့် မယ့်ဖါးလုံနှင့် ဟဲဟိုးလေကြောင်းခရီးစဉ်ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင်းမှ အများစုမှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်သို့ လာရောက်ဆေးကုသမှုခံယူကြသည့်အပြင် ချင်းရိုင်းနယ်စပ်မှနေ၍ အိမ်နီးချင်းနိုင်ငံသို့ စားသောက်ကုန်အပါအဝင် ကုန်စည်တင်ပို့မှုမှာ လျာထားပမာဏထက် ကျော်လွန်တင်ပို့နေရသည့်အတွက် ချင်းရိုင်းဒေသမှ နယ်စပ်ဖြတ်ကျော် ကုန်စည်တင်ပို့နိုင်မည့်လမ်းကြောင်းများကို တိုးချဲ့ရန်ရှာဖွေရာ တရုတ်နိုင်ငံအထိပါ တိုက်ရိုက်တင်ပို့နိုင်မည့် မယ်ခေါင်မြစ်ကြောင်းမှ တင်ပို့နိုင်ရန်လည်း ပါဝင်ကြောင်းသိရသည်။
ထိုင်းနိုင်ငံက ချင်းရိုင်းခရိုင်နှင့် ရှမ်းပြည်နယ်ကြား လေကြောင်းခရီးစဉ် ပျံသန်းရေးအတွက် ကနဦးလေ့လာမှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းလေဆိပ် (၃၁) ခုရှိသည့်အနက် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် အဆင့်မြှင့်တင်မည့်လေဆိပ်များအနက် လက်ရှိတင်ဒါခေါ်ယူပြီး လေဆိပ် (၃)ခုတွင် ဟဲဟိုးလေဆိပ်ပါဝင်ပြီး KBZ Group ကုမ္ပဏီက ဂျပန်ကုမ္ပဏီ ဖြစ်သည့်fh Toyota Tsusho ကုမ္ပဏီနှင့် ပူးပေါင်းအကောင်အထည်ဖေါ်ခွင့် ရရှိထားခြင်းဖြစ်သည်။
Ref: 77 kaoded