ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ခိုလုံကျေးရွာအဝင်၊ ကွတ်ခိုင် - ကောင်းခါး ကားလမ်းတွင် နိုဝင်ဘာလ (၉)ရက်နေ့က မော်တော်ယာဉ်တစ်စီးမှ ဘိန်းဖြူ (၂)ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၁)သောင်းကျော်အား ဖမ်းဆီးရမိကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
ဓာတ်ပုံ #ပြည်ထဲရေး
မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာအဝင် ကွတ်ခိုင် - ကောင်းခါး ကားလမ်းတွင် နိုဝင်ဘာလ (၉)ရက်နေ့ ညနေ (၃)နာရီအချိန်၌ စိုးမင်းမောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရန်တားဆီးစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်တွင် တင်ဆောင်လာသည့် ဘိန်းဖြူ ရောင်စုံဆပ်ပြာခွက် (၂၂၀)ခွက်(ဘိန်းဖြူ အလေးချိန် ၂ ဒသမ ၄၂ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၇၀၀)ပြားတို့အား ရှာဖွေတွေ့ရှိရသဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် စိုးမင်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
ဓာတ်ပုံ #ပြည်ထဲရေး
