ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် အောက်တိုဘာလ (၃)ရက်နေ့မှစ၍ (၈)ရက်တာ ကျင်းပမည့် သီတင်းကျွတ်ပွဲတော် ကာလအတွင်း မီးပဒေသာလှည့်လှည်ပွဲကို အောက်တိုဘာလ (၅)ရက်နေ့ ညနေ(၆:၀၀)နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေ့တွင် အင်းသားလူငယ်၊ ဂေါ်ရခါးလူငယ်၊ ပအိုဝ်းလူငယ်၊ မဇ္ဈိမလူမှုကူညီရေးအဖွဲ့၊ သဘင် ပညာရှင်များ အစည်းအရုံး၊ ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများက မီး ပဒေသာများဖြင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းရှေ့မှ စတင်ထွက်ခွာပြီး ရှမ်းရိုးမကွင်းကို ပတ်ကာ ရွှေတိဂုံဘုရားတွင် ရခိုင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ ဆီမီး တစ်ထောင်၊ ရေချမ်းတစ်ထောင်၊ ပန်းတစ်ထောင် လှူဒါန်းမည့် အဖွဲ့နှင့်အတူ ပူးပေါင်းလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရိုးမကွင်းတွင် ရှစ်ရက်တာပွဲတော်အတွင်း မီးပုံးချိတ်ဆွဲလိုသည့် လုပ်ငန်းရှင်များလည်း အောက်တိုဘာလ (၂)ရက်နေ့ နောက်ဆုံးထားပြီး ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းသို့ မီးပုံးများ ပို့ဆောင်နိုင်ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် ဝင်္ကပါပွဲတော်ကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ပြီး မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ စောင်းတန်းသုံးသွယ်ဖြင့် ကြွချီတော်မူပုံကို သရုပ်ဖော်မည့်အပြင် လပြည့်ကျော် တစ်ရက်နေ့တွင် ဘုရားဆင်းတုတော် (၃)ဆူကိုလည်း မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
