ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၂၈၇)ဦးအား အမှတ် (၁၁၇)ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကို စက်တင်ဘာလ (၁၈)ရက်နေ့က ဆောင်ရွက်ကြောင်း သိရသည်။
ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးတပ်၍ ဆောင်းရန်၊ နှစ်ဦးထက်ပို၍ တင်ဆောင်မောင်းနှင်ခြင်းမပြုရန်၊ မီးပွိုင့်နှင့် လမ်းဆုံလမ်းခွများတွင် အရှိန်လျှော့ရန်၊ အချက်ပြမီး အချက်ပြမှုလိုက်နာရန်၊ သတ်မှတ်ယာဉ်ကြောအတိုင်း စနစ်တကျမောင်းနှင်ရန်၊ ဆိုင်ကယ်များ ယှဉ်ပြိုင် ကျော်တက်ခြင်း မပြုရန်၊ သံစုံဟွန်း/ပါဝါအိတ်ဇောတပ်ဆင်ခြင်းမပြုရန်၊ ဆိုင်ကယ်နောက်ကြည့်မှန် တပ်ဆင်ရန်၊ ကွေ့ကြောဘက်မှ ကျော်တက်ခြင်းမပြုရန်၊ ရှေ့မီးကြီး၊ အချက်ပြမီးတို့အား ကောင်းမွန်စွာ အသုံးပြုရန်တို့အား ဟောပြောခြင်းနှင့် ပညာပေးဇာတ်လမ်းတိုများဖြင့် ရှင်းလင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်ကိုကို၊ ရဲအုပ် နေထွဏ်းလင်း၊ ဒုရဲအုပ် ဇော်မျိုးသန့်တို့ ဦးဆောင်သည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်၊ ဆရာ/ဆရာမ (၁၃)ဦးနှင့် ကျောင်းသား/သူ (၂၈၇)ဦးတို့ တက်ရောက်ကြောင်း သိရသည်။
