ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် ကားအား စစ်ဆေးရာ ခရီးသည်အမျိုးသမီးတစ်ဦးထံမှ ဘိန်းစိမ်း (၅ ဒသမ ၅ ကီလို)ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စက်တင်ဘာလ (၁)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က ခရီးသည်တင် မှန်လုံ မော်တော်ယာဉ်အားရှာဖွေရာ ခရီးသည်တစ်ဦးဖြစ်သည့် မအေးလှဲ့(ခ)မဝါ၏ စက္ကူဂျပ်ဖာအတွင်းမှ ဘိန်းစိမ်းများအား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် မအေးလှဲ့(ခ)မဝါအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
