~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
“ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက အခုရုပ်ရှင်ပွဲတော်အတွက် ကျွန်တော်တို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ တောင်ကြီးမှာ ရုပ်ရှင်ရုံနှစ်ရုံမှာ ပြမှာဖြစ်ပြီး ဖွင့်ပွဲကိုတော့ မြသုခရုံမှာပဲ ပြုလုပ်မှာပါ။ ပြမယ့် ရုပ်ရှင်ဇာတ်ကား (၅)ကားကို စက်တင်ဘာလ (၁၅)ရက်နေ့မှာ တစ်ကြိမ်အခမဲ့ပြသပေးမှာပါ။ ဒါက ရုပ်ရှင်ရုံတွေရဲ့ ပွဲစဉ်အရ ပထမရက်မှာ ဇာတ်ကား ငါးကားလုုံး ရုံမတင်နိုင်ရင်တော့ နောက်နေ့မှာ ကျန်တဲ့ကားတွေကို အခမဲ့ ပြပေးမှာပေါ့။ ဇာတ်ကား (၅)ကားလုံးကိုတော့ တစ်ကြိမ် အခမဲ့ပြပေးမှာပါ။ ကျန်ရက်တွေမှာတော့ သတ်မှတ်ရုံဝင်ကြေးအတိုင်း ပြသသွားမှာပါ။ ဒီနေ့ နှစ်နာရီမှာ အစည်းအဝေးထိုင်ပြီးမှ ပွဲစဉ်အချိန်ဇယားတွေထွက်လာမှာပါ။ မြို့တစ်ခုနဲ့ တစ်ခု၊ ရုံတစ်ရုံနဲ့ တစ်ရုံတော့ မတူဘူးပေါ့။ သူတို့ပွဲစဉ်ဇယားအလိုက်သွားမှာပါ”ဟု ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကြီးမြတ်သောမြန်မာ၊ နေခြည်မှာရွှေရည်လောင်း၊ ဒီမိုရပ်ကွက်၊ သရာစောထိနှင့် တိမ်ပြာသောနေ့ ရုပ်ရှင်ဇာတ်ကား(၅)ကားကို တောင်ကြီးမြို့ရှိ မြသုခရုပ်ရှင်ရုံနှင့် Mega Ace Cineplex Hall 1၊ လားရှိုးမြို့ရှိ အောင်သီရိရုပ်ရှင်ရုံ၊ သိန်းထိုက်ရုပ်ရှင်ရုံနှင့် သီတာအေးရုပ်ရှင်ရုံ၊ အောင်ပန်းမြို့ရှိ Paradiso ရုပ်ရှင်ရုံတို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရုပ်ရှင်ပွဲတော်ပြပွဲအား ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နှင့် အောင်ပန်းမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တို့ရှိ စုစုပေါင်း ရုပ်ရှင်ရုံ (၆)ရုံတွင် ပြသမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ (၄၄)ရုံတွင်လည်း တစ်ပြိုင်တည်းပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ကိုဇောင်း