***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စုရှိ ကျေးရွာ (၁၃)ရွာမှ ကျေးရွာသူကြီးများနှင့် ရန်ကုန်ရွာမှ ဒေသခံများအား မူးယစ်တပ်ဖွဲ့စု(၃၀)က မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများအကြောင်း စက်တင်ဘာလ (၁၀) ရက်နေ့တွင် ပညာပေးဟောပြောကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလော ဦးဆောင်သော ကျေးရွာ(၁၃)ရွာမှ ကျေးရွာသူကြီးများနှင့် ရန်ကုန်ရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း (၁၀၀) ဦး တက်ရောက် လေ့လာကြပြီး မူးယစ်တပ်ဖွဲ့စု(၃၀)မှ ဒုမူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးသက်မောင်က မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းကြောင့် ခံစားရသည့် ဆိုးကျိုးရလဒ်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတက်ရောက်လာသူများအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
