“သီပေါမြို့မရဲစခန်းက ကင်းစခန်းငယ်တစ်ခုကို ဒီမနက် (၄)နာရီ မိနစ်(၃၀)ခန့်မှာ ဆိုင်ကယ်စီးလာသူ တစ်ဦးကနေ လက်လုပ်ဗုံးနဲ့ လာပစ်သွားတာပါ။ လူနဲ့အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိဘူး။ အုတ်တံတိုင်းမှာ နည်းနည်း ထိမှန်တာရှိတယ်”ဟု သီပေါမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သီပေါမြို့မရဲစခန်း၏ ဧရိယာအတွင်း အနောက်တောင်ဘက်ထောင့်ရှိ ကင်းပုန်းစခန်းငယ်တစ်ခုအား လာရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး ယခင်ကာလများက အလားတူကိစ္စမျိုးမရှိခဲ့ဖူးကြောင်း သိရသည်။
“သီပေါကနေ ပန်လုံရွာဘက်သွားတဲ့ဘက်က ရဲစခန်းကို မနက်အစောကြီးက ဗုံးနဲ့လာပစ်သွားတယ်လို့ သိရတယ်။ ရဲစခန်းကိုတောင်လာပစ်တာဆိုတော့ လန့်တော့လန့်တာပေါ့။ ရဲစခန်းအုတ်တံတိုင်းရယ် အုတ်တံတိုင်းနားကပ်နေတဲ့ စခန်းထဲမှာရပ်ထားတဲ့ ကားတစ်ချို့ထိခိုက်မိတာ ရှိတယ်လို့ကြားတယ်။ သွားတော့မကြည့်ရဲဘူး။ ရဲတွေတော့ အဲဒီနားမှာ အလုပ်ရှုပ်နေကြတာတွေ့တယ်” ဟု သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် သီပေါမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိထားကြောင်း ဒေသခံ အချို့ကပြောသော်လည်း သီပေါ မြို့မရဲစခန်းက အဆိုပါကိစ္စအား အတည်ပြုခြင်းမရှိဘဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းနေဆဲအခြေအနေသာဖြစ်ကြောင်း သီပေါမြို့မရဲစခန်းမှ တာဝန်ရှိသူက ဖြေကြားသည်။
သတင်း #နေဖြိုးမြင့်
