ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မိုင်တိုင်အမှတ် (၇၀၁)နှင့် (၇၀၂)အကြား ပါပူးကျေးရွာ အနီးတွင် ဆိုင်ကယ်မှောက်၍ သေဆုံးနေသူတစ်ဦးအား မေလ (၁၁)ရက်နေ့ နံနက် (၉)နာရီခွဲတွင် သတင်းပေးပို့ချက်အရ စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှ သိရသည်။
သတင်း - ကိုသာ
ပါပူးကျေးရွာအနီးတွင် ဆိုင်ကယ်တစ်စီးနှင့်အတူ လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ မိုင်းဖြတ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးနေသူမှာ မိုင်းဖြတ်မြို့နယ် ဝမ်မိုင်ရပ်ကွက်မှ အိုက်မိုင်ဆိုသူ ဖြစ်ကြောင်း သိရပြီး ဆိုင်ကယ်ခြေထောက်အားဖိမိပြီး ဝမ်းလျားမှောက်လျက် အနေအထားဖြင့် မျက်နှာချိုင့်ဝင်ဒဏ်ရာ(၁)ချက်၊ နှာခေါင်းရိုးကျိုးဒဏ်ရာ(၁)ချက်၊ ယာမျက်ခုံးပေါက်ပြဲ ဒဏ်ရာ(၁)ချက် ရရှိကာ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းမှာ မေလ (၁၀)ရက်နေ့ ညည့်နက်ပိုင်းအချိန်တွင် ဆိုင်ကယ်တိမ်းမှောက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး သေဆုံးသွားသည့် အိုက်မိုင်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၄ (က) ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ကိုသာ