အခြေခံစစ်ပညာ မွမ်းမံသင်တန်း တက်ရောက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များအား လူကုန်ကူးမှု တားဆီးရေး အသိပညာ ပေး

အခြေခံစစ်ပညာ မွမ်းမံသင်တန်း တက်ရောက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များအား လူကုန်ကူးမှု တားဆီးရေး အသိပညာ ပေး
မေ 1, 2017
By Tachileik News Agency

တာချီလိတ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များအား ပို့ချနေလျက်ရှိသော အခြေခံစစ်ပညာ မွမ်းမံသင်တန်းသို့ လူကုန်ကူးမှုတားဆီးရေး အသိပညာပေးအဖြစ် မေလ(၁)ရက်နေ့ နံနက်ပိုင်းက တာလော့ရပ်ကွက်ရှိ အခြေခံပညာစာသင်ကျောင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစဉ်(Home Visit)အသိပညာပေး ဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး နှင့် ရဲအုပ်လှဘုန်းတို့မှ အခြေခံစစ်ပညာ မွမ်းမံသင်တန်းတက်ရောက်နေသော ပြည်သူ့စစ်အဖွဲ့ဝင် (၅၀)ဦးအား လူကုန်ကူးမှုတားဆီးရေးနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်များအား တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးက ၀န်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းစနစ်၊ ကလေးသူငယ်ဥပဒေ နှင့် ရပိုင်ခွင့် အခွင့်အရေးများ၊ ရွှေ့ပြောင်းလုပ်ကိုင်မှုဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များကို လည်းကောင်း၊ ရဲအုပ်လှဘုန်းက လူကုန်ကူး/လူမှောင်ခို အဓိပ္ပာယ် Facebook သတင်းများတွင် ပါရှိသော ကလေးသူငယ်နှင့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အလွဲအသုံးချ ခံရသည့် ဖြစ်စဉ်များ နှင့် တာချီလိတ်ခရိုင်အတွင်း ကူညီရှာဖွေ ဖြေရှင်းပေးခဲ့ရသည့် လူပျောက်ဖြစ်စဉ်များအား လည်းကောင်း အသိပညာပေးခြင်း၊ အတွေ့အကြုံများ ပြန်လည်မျှဝေ ပေးခြင်းများကို ပြုလုပ်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်ရှိ ပြည်သူ့စစ်များအား နယ်မြေခံတပ်မှ အခြေခံစစ်ပညာမွမ်းမံသင်တန်းပို့ချစဉ် အသိပညာပေးခြင်း ဖြစ်ပြီး ပြည်သူ့စစ် အဖွဲ့ဝင်များအား အသိပညာပေး လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြောင်း သိရှိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~





 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~