ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁,၀၀၀)ပေးအပ်ပွဲ အခမ်း အနားကို စက်တင်ဘာလ (၇)ရက်နေ့ နံနက်
(၉)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်ရုံး၌ ပြုလုပ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အနေနဲ့ မိုင်းဖြတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးလုပ်ငန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း က ဥက္ကဌ အဖြစ် ဖွဲ့စည်းထားပါတယ်၊ လုပ်ငန်းများ ပီပြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လုပ်ငန်းများကြီးကြပ်ရေးကော်မတီကိုလည်း ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ပါတယ်" ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက် မှ ပြောကြားသွားပါသည်။
ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှာ ၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ် အတွက်ဖြစ်ပြီး၊ နောက်ဘဏ္ဍာနှစ်များတွင်လည်း ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ရန်ပုံငွေပေးအပ်မှုနှင့် ပတ်သက်၍ ကျေးရွာအုပ်စု အတွင်းရှိ လုပ်ငန်းအလုပ် ခွဲဝေ၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
အဆိုပါ ရန်ပုံငွေအား နမ့်ပန်အုပ်စု လုပ်ငန်း (၇)ခုအတွက် (၅,၉၁၀,၀၀၀ိ/-)၊ နမ့်နန်းအုပ်စု လုပ်ငန်း(၁)ခုအတွက် (၈၀၀,၀၀၀ိ/-)ဆီမွန်းအုပ်စု လုပ်ငန်း(၂)ခုအတွက် (၁,၄၈၀,၀၀၀ိ/-)၊ နမ့်ဟတ်ပုံအုပ်စု လုပ်ငန်း(၁)ခုအတွက် (၃,၇၈၀,၀၀၀ိ/-)၊ မွန်ကာ ကျောင်းအုပ်စု လုပ်ငန်း(၃)ခုအတွက် (၂,၅၀၀,၀၀၀ိ/-)၊ နမ့်လောက် အုပ်စု လုပ်ငန်း(၄)ခုအတွက် (၁၆,၆၀၀,၀၀၀ိ/-)၊ နမ့်ကုန်းအုပ်စု လုပ်ငန်း(၃)အတွက် (၁၁,၀၅၀,၀၀၀ိ/-) နမ့်လန်းအုပ်စု လုပ်ငန်း (၂)ခု အတွက် (၃,၁၃၂,၅၀၀ိ/-)၊ တောညုအုပ်စု လုပ်ငန်း(၂)အတွက်(၂၈၇၅၀၀၀ိ/-)၊ ဟွေရှိုအုပ်စု လုပ်ငန်း(၂)ခုအတွက် (၂,၂၁၀,၀၀၀ိ/-)၊ ဝမ်လုံးအုပ်စု လုပ်ငန်း(၁)ခုအတွက် (၅၅၀,၀၀၀ိ/-) မိုင်းဖြတ်အုပ်စုလုပ်ငန်း(၉)ခုအတွက် (၃၀,၄၁၂,၅၀၀ိ/-)၊ နမ့်ယွန်းအုပ်စု လုပ်ငန်း(၃)ခုအတွက် (၉၂၀၀၀၀၀ိ/-) လန်းဆတ်အုပ်စု လုပ်ငန်း(၂)ခုအတွက် (၃,၀၀၀,၀၀၀ိ/-) ကောင်းမှုအုပ်စု လုပ်ငန်း(၁)ခုအတွက် (၄,၅၀၀,၀၀၀ိ/-) ဈေးတန်းရပ်ကွက် လုပ်ငန်း(၁)ခုအတွက် (၂,၀၀၀,၀၀၀ိ/-) စုစုပေါင်း လုပ်ငန်း(၄၄)ခုအတွက် ကျပ်သိန်း(၁,၀၀၀)အား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ဒီလို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁,၀၀၀)ကို မနှစ်ကလည်း ပေးတယ်လို့ သိခဲ့ရပါတယ်၊ ဒါပေမယ့် ခုလို ပွင့်လင်းမြင်သာမှု မရှိခဲ့ပါဘူး၊ ခုတော့ ရပ်/ကျေးတွေမှာ အမှန်တကယ် လိုအပ်နေတာတွေကို တင်ပြထားပါတယ်၊ အဓိကလိုအပ်တာတွေအတွက် ခုလို အများပြည်သူရှေ့မှာ ခွဲဝေချထားပေးတာကို တွေ့ရတော့ အရမ်းဝမ်းသာမိပါတယ် " ဟု အခမ်းအနားတက် ရောက်လာသူ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောကြားသွားပါသည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိ ရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ