လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ကျောင်သားများသမဂ္ဂရုံးတွင် သြဂုတ်(၂၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပသော ပြည်နယ်(၄)ခုမှ ကျောင်းသားသမဂ္ဂများ တွေ့ဆုံနှီးနှောဖလှယ်ပွဲသို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကျော်ကိုကိုနှင့် နန္ဒစစ်အောင်တို့မှ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(၄)ခုမှ ကျောင်းသားသမဂ္ဂများ တွေ့ဆုံနှီးနှောဖလှယ်ပွဲသို့ ကယား(ကရင်နီ) ပြည်နယ်ကျောင်းသားများသမဂ္ဂ၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ရခိုင်ပြည်နယ် ကျောင်းသားများသမဂ္ဂ၊ ကချင်ပြည်နယ် ကျောင်းသားများသမဂ္ဂ စသည့် (၄)ပြည်နယ်မှ ကျောင်းသား သမဂ္ဂမှ ကိုယ်စားလှယ်များ တက်ရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ကျောင်းသားသမဂ္ဂများ တွေ့ဆုံနှီးနှောဖလှယ်ပွဲအား သြဂုတ်(၃၀)ရက်နေ့အထိ (၂)ရက်ကြာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဓိကအားဖြင့် လက်ရှိ ကျောင်းသားများနှင့်ပညာရေး အခြေအနေများ၊ တိုင်းရင်းသား နိုင်ငံရေး အခြေအနေ၊ ကျောင်းသားထု ညီလာခံ နှင့် တိုင်းရင်းသား ကျောင်းသားသမဂ္ဂ အခန်းကဏ္ဍများ နှင့် တိုင်းရင်းသား ကျောင်းသားသမဂ္ဂများ၏ ရှေ့ဆက် လုပ်ငန်းစဉ်များအား ဆွေးနွေးပြုလုပ်သွားမည်ဟု ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂဥက္ကဌ ခွန်ရဲမင်းကျော်ထံမှ သိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း