တာချီလိတ်၊ မေလ (၁၄)ရက်
မိုးရာသီအတွင်း ချောင်း၊မြောင်းများတွင် အမှိုက်ပိတ်ဆို့မှုကြောင့် နှစ်စဉ်ရေကြီးမှုဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် နုန်းဆယ်ခြင်းနှင့် မြို့သန့်ရှင်းသာယာလှပရေးကို ရက်(၁၀၀)အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။
“ရေစီးရေလာ ကောင်းမွန်အောင် မယ်ဆိုင်ချောင်းထဲကို စီးဝင်သွားတဲ့ မြို့ထဲချောင်းတွေမှာ စက်ယန္တရားအင်အားတွေ၊ လူအင်အားတွေတိုးချဲ့ပြီး မိုးမကျမီ သဲနုန်းအမှိုက်တွေကို ဆယ်ထုတ်ခြင်းတွေ လုပ်ပါတယ်။ ဘက်ဂျက်ထဲမှာလည်း ပါပြီးတာတွေရှိတယ်။ ပါပြီးတာကို မူလထက်စောပြီး ဒီရက်(၁၀၀)အတွင်း အပြီးဆောင်ရွက်နိုင်အောင် ထည့်လိုက်တာပါ။”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။
မြို့သန့်ရှင်းသာယာလှပရေး အနေဖြင့် လမ်းဘေးပလက်ဖောင်းများအား ပြန်လည်ဆေးသုတ်ခြင်း ၊ သန့်ရှင်းရေး လုပ်ဆောင်ခြင်း၊ ပန်းပင်များတိုးချဲ့စိုက်ပျိုးခြင်း ၊ လမ်းပေါက်ဖာခြင်းများကို ရက်(၁၀၀)အတွင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
“အဓိက က မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းတွေကို ရက်(၁၀၀)အတွင်းမှာ ဒီနှစ်အတွက်ကြိုပြီး လုပ်လိုက်တာပါ။ ပုံမှန်တော့ အမြဲတမ်းလုပ်နေရတာ ပြောရရင် ရက်(၁၀၀)ပြီးသွားတာနဲ့ ပစ်ထားတာမျိုး မဟုတ်ဘူး။ တစ်နှစ်ပတ်လုံး စည်ပင်သာယာရေးလုပ်ငန်းတွေ လုပ်ရတာပါ။ ကျန်တဲ့လုပ်ငန်းတွေလည်း တစ်နှစ်ပတ်လုံး လုပ်ဖို့ရှိပါတယ်။”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။
တာချီလိတ်မြို့တွင် ယခင်က မိုးရာသီအချိန်တွင် မယ်ဆိုင်ချောင်းထဲသို့စီးဝင်သော မြို့ပေါ်ချောင်းများတွင် သဲနုန်းအမှိုက်များ ပိတ်ဆို့ခြင်းကြောင့် မြို့တွင်း နှစ်စဉ်ရေလျှံနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း။ ။ ဇောင်းညီ
..............