ကျိုင်းတုံ၊ မေလ(၁၁)
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့တွင် အသက်(၅၂)နှစ်ရှိ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
ကြိုးဆွဲချသေဆုံးသွားသူ အသက်(၅၂)နှစ်ရှိ မနန်းမိုးသည် ကျိုင်းတုံမြို့ ယန်းကုန်းရပ်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး၊ ၎င်းသည် အရက်အလွန်အကျွံ သောက်သုံးသူ ဖြစ်ကြောင်းအပြင်၊ စိတ်ပုံမှန်မရှိသူ တစ်ဦးဖြစ်ကြောင်းသိရပြီး ၂၀၁၆ခုနှစ် မေလ(၁၁)ရက်နေ့ ညနေ(၃)နာရီ ၀န်းကျင်က အမှတ်(၄)ရပ်ကွက်၊ ကုန်းကျောင်းရပ်၊ ကမ္မဌာန်းကျောင်းရှိ ဘုန်းကြီးကျောင်း အုတ်တံတိုင်း အနီး ညောင်ပင်ကြီးတွင် ကြိုးဆွဲချသေဆုံးသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
"သေမှုနဲ့ပတ်သက်ပြီးတော့ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက် စစ်ဆေးဆောင်ရွက်သွားမှာပါ "ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ဝင်းမင်းသန့်က ပြောသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို သက်ဆိုင်ရာမှ စစ်ဆေးလျှက်ရှိပြီး၊ ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၆)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။