ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း )တာချီလိတ်မြို့တွင် မြန်မာ - ထိုင်း
ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် တစ်နိုင်တစ်ပိုင် တင်သွင်းမှု တံတားဖြတ်သန်းခ ဝန်ဆောင်မှု (၃)ရာခိုင်နှုန်း ကောက်ခံလျှက်ရှိရာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကျပ်သန်းပေါင်း (၆၂၀)ကျော် ကောက်ခံရရှိပြီဖြစ်ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် (၃)ရာခိုင်နှုန်းကောက်ခံမှုသည် ၂၀၁၃ ခုနှစ်အတွက် ကောက်ခံငွေ ကျပ်(၁၈၈.၃)သန်း၊ ၂၀၁၄ ခုနှစ်အတွက် ကောက်ခံငွေ ကျပ်သိန်း (၂၀၅.၄)သန်း၊ ၂၀၁၅ခုနှစ်အတွက် ကောက်ခံငွေ ကျပ်(၂၃၀.၃)သန်း ကောက်ခံရရှိခြင်းဖြစ်ပြီး သုံးနှစ်အတွင်း စုစုပေါင်း ကျပ်သိန်းပေါင်း(၆၀၀၀)ကျော် ကောက်ခံရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
“ကောက်ခံတဲ့အခါမှာ ချစ်ကြည်ရေးတံတား အမှတ်(၁)ပေါ်မှာ ဖြတ်သန်းလာတဲ့ တစ်နိုင်တစ်ပိုင် တင်သွင်းပြီး စီးပွားဖြစ်လုပ်ကိုင်နေတဲ့သူတွေ အပေါ်မှာ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီးတော့ (၃)ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်ပါတယ်။”ဟု တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၊ ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
အဆိုပါ (၃)ရာခိုင်နှုန်း ကောက်ခံမှုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပုဒ် (၂၅၄) (က) ဇယား(၅)ပါ ပြဌာန်းချက်များအရ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လမ်းများ၊ တံတားများ ဖြတ်သန်းခကို ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေအတွက် ကောက်ခံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်တစ်ပိုင် သယ်ဆောင်ခွင့်အား အသုံးပြု၍ စီးပွားဖြစ်လုပ်ကိုင်နေသူများရှိခြင်းကြောင့် အခွန်အခများ ပေး၍ တရားဝင်လုပ်ကိုင်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျက်ပြားစခြေင်းနှင့် နိုင်ငံတော်အတွက် ရသင့် ရထိုက်သော အခွန်ငွေများ အပြည့်အဝ မရခြင်းတို့ မဖြစ်ပွားစေရန် (၃)ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇက်